တစ်ရွာလုံးငတ်ပြတ်ပြီး ဒုက္ခရောက်နေချိန်မှာ ကယ်တင်ခဲ့တဲ့ ၁၃ နှစ်အရွယ် ကျောင်းသားလေး

William Kamkwamba

မိုးခေါင်ရေရှားလို့ တစ်ရွာလုံးငတ်ပြတ်ပြီး အစားတစ်လုတ်အတွက် လိုက်လုနေချိန်မှာ အသက် ၁၃ နှစ်အရွယ် ကျောင်းသားလေးတစ်ယောက်က ပုံမှာမြင်ရတဲ့အတိုင်း လေရဟတ်ကိုဆောက်ပြီး တစ်ရွာလုံးရေရအောင် လုပ်ပေးနိုင်ခဲ့တယ်။ အဲဒါက ၂၀၀၅ ခုနှစ် ၀န်းကျင်လောက်မှာပါ။

အခုဆို ဒီကောင်လေးက အသက် ၃၁ နှစ်လောက် ရှိနေပါပြီ၊ ပြည်တွင်းရော ပြည်ပမှာပါ စကော်လာရှစ်တွေရ၊ ကျောင်းဆက်တက်ပြီး အခုဆို အင်ဂျင်နီယာ စာရေးဆရာအနေနဲ့ ရပ်တည်နေပါပြီ။ ဆုတွေလည်း ရထားပြီးပါပြီ။

သူ့အကြောင်းကို ရိုက်ထားတဲ့ “The boy who harnessed the wind” ဆိုတဲ့ဇာတ်ကားလည်း ၂၀၁၉ မှာ ထွက်ထားပြီးပါပြီ။

William Kamkwamba

အာဖရိကတိုက်က အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ မာလာဝီနိုင်ငံက နေပူပူ၊ ကွင်းခေါင်ခေါင်ရွာလေးတစ်ရွာမှာ သူ့ကို မွေးပါတယ်။ တစ်လမ်းသွား ရိုးသားတဲ့အဖေက သူများတွေလို အလောင်းအစားမလုပ်ပေမယ့် စီးပွားရေးအမြင်မရှိ၊ ဒီကြားထဲ ရာသီဥတုက ဖောက်ပြန်ပြီး မိုးခေါင်ချင်ခေါင်၊ ရေကြီးချင်ကြီး ဖြစ်နေတော့ ဆင်းရဲတွင်းက မတက်ဘူး။ လူကသာ ဆင်းရဲပေမယ့် အရွယ်ရောက် သားနဲ့သမီးကို ကျောင်းထားတော့ ကျောင်းလခက ထပ်ထောင်းပြန်တယ်။
(လူက ဆင်းရဲပေမယ့် တခြားလူတွေ ပိုက်ဆံမရှိတော့လို့ သူတို့ပိုင်တဲ့မြေထဲက သစ်ပင်တွေ ခုတ်ရောင်းနေပေမယ့် သစ်ပင်မရှိတော့ရင် ရေကြီးလာမယ်ဆိုတဲ့အသိနဲ့ သူတစ်ယောက်ထဲ မရောင်းဘဲ ပေပြီး ခံနေတယ်)

သမီးအကြီးကို အထက်တန်းပြီးတဲ့အထိ ထားနိုင်ခဲ့ပေမယ့် အထက်တန်းတက်တော့မယ့်သားကိုတော့ ကျောင်းလခ ပုံမှန်မပေးနိုင်ဘူးဖြစ်နေတယ်။ ဒီကြားထဲမှာ နိုင်ငံရေးက မတည်မငြိမ်တွေဖြစ်တယ်။ ကျေးရွာတွေက ငတ်မွတ်နေတဲ့ ပြည်သူတွေကို ဆန်အလုံအလောက် ရောင်းမပေးနိုင်တဲ့ပြဿနာတွေဖြစ်လာတယ်။

ကောင်လေးက ကျောင်းလခမပေးနိုင်လို့ ကျောင်းမတက်နိုင်ပေမယ့် သူ့အစ်မရည်စားက ကျောင်းဆရာဆိုတော့ အဲဒီကျောင်းဆရာသင်တဲ့ သိပ္ပံအချိန်တစ်ချိန်တော့ သွားသွားခိုးတက်တယ်။ နဂိုကတည်းကလည်း ဒီကောင်လေးက လျှပ်စစ်ပစ္စည်းတွေကို ကလိရတာ ၀ါသနာပါတယ်။ ရွာထဲကလူတွေ ရေဒီယိုပျက်ရင်လည်း သူပဲ ပြင်ပေးနေတာပါ။ သူငယ်ချင်းတွေစုပြီး ရေဒီယိုကနေလွှင့်တဲ့ ဘောလုံးပွဲကို နားထောင်မလို့ ဓာတ်ခဲမရှိတဲ့အချိန် အားကုန်နေတဲ့ဓာတ်ခဲတွေကိုစုပြီး ရေဒီယိုဖွင့်လို့ရအောင် သူလုပ်ပေးတတ်တယ်။

William Kamkwamba

စက်ဘီးရဲ့ဘီးပွတ်အားကိုသုံးပြီး ဒိုင်နမိုနဲ့မီးလင်းတဲ့ စက်ဘီးမီးသီးအကြောင်းကို သိပြီးတဲ့အချိန်မှာ လျှပ်စစ်ထုတ်တာကို သူစိတ်ဝင်စားလာတယ်။ ကျောင်းကိုသွားခွင့်မရှိလို့ အကြံအဖန်လုပ်ပြီး သူ့ယောက်ဖလောင်းကို အကြပ်ကိုင်၊ စာကြည့်တိုက်ထဲမှာ စာဖတ်ခွင့်ရအောင် ကြိုးစားတယ်၊ အဲဒီစာအုပ်တွေထဲကမှ လေစွမ်းအင်နဲ့ လျှပ်စစ်ထုတ်တဲ့စာအုပ်ကို သွားတွေ့ပြီး ထိုင်လေ့လာတယ်။ သူက အလယ်တန်း၊ စာအုပ်က အထက်တန်းအဆင့်ဆိုတော့ အဘိဓာန်ကိုင်ပြီး ဖတ်တယ်။ နောက်တော့ သီအိုရီကို ကျေသွားပြီး အသေးစား လေပန်ကာနဲ့ စက်ဘီးဒိုင်နမိုကိုသုံးပြီး ရေဒီယိုတစ်လုံးစာလျှပ်စစ်ဓာတ်အားကို ထုတ်နိုင်ခဲ့တယ်။

ရေစုပ်စက်တစ်လုံးစာလည်ပတ်ဖို့ လျှပ်စစ်ဓာတ်အားအတွက် ပိုကြီးတဲ့ပန်ကာလိုတဲ့အခါမှာ သူသွားပြီး သတိရတာ သူ့အဖေရဲ့စက်ဘီးပဲ၊ လေရဟတ်ကြီးတစ်ခုအတွက် လိုတဲ့ပုံစံရအောင် လုပ်ရမှာဆိုတော့ စက်ဘီးကို ဖြတ်တောက်ပစ်ရမှ။ ဆင်းရဲတဲ့မိသားစုမှာ ထမင်းတောင် နပ်မမှန်လို့ ထမင်းသုံးနပ်မှာ တစ်မိသားစုလုံး မနက်စာတစ်နပ်ပဲစားနေရတဲ့အချိန်၊ အဖေလုပ်တဲ့သူက မိသားစုအတွက် ရိက္ခာပိုအောင် အဲဒီထမင်းတစ်နပ်တောင် မစားတဲ့အချိန်၊ တစ်အိမ်လုံးမှာ အချမ်းသာဆုံးက ရေဒီယိုနဲ့ စက်ဘီး၊ ဒါတောင် ရေဒီယိုက ဓာတ်ခဲမ၀ယ်နိုင်တော့လို့ ဖွင့်မရတော့ဘူး၊ စက်ဘီးဆိုတာကလည်း အိမ်ကနေ လယ်ထဲကိုသွားဖို့ အဖေလုပ်သူနေ့တိုင်း သုံးနေရတဲ့ဟာ။ ဒီလိုအခြေအနေမျိုးမှာဆိုတော့ သူ့အဖေက ဘယ်လက်ခံနိုင်မလဲ၊ သူ့ကိုလည်း ဆော်ပလော်တီးပြီး သူ့လယ်ထဲမှာပဲ ၀င်ကူလုပ်ခိုင်းတော့တယ်။

William Kamkwamba

နောက်ဆုံး အဆင့်တွေ အများကြီးကိုဖြတ်ပြီးမှ သူ့အဖေလည်း သူ့စက်ဘီးကို ဖျက်ပြီး လေရဟတ်လုပ်ဖို့ သဘောတူလိုက်တယ်။ လေရဟတ်လုပ်တဲ့နေရာမှာလည်း သူ့အဖေနဲ့ရွာသားတွေက ၀ိုင်းကူညီပေးကြတယ်။ ဒီလိုနဲ့ ၁၃ နှစ်အရွယ် လူမည်းလေးတစ်ယောက်က လေရဟတ်နဲ့ ရေစုပ်စက်ကို လျှပ်စစ်ဓာတ်အားပေးပြီး ရွာမှာစိုက်ပျိုးဖို့လိုတဲ့ရေကို ဝေပေးနိုင်ခဲ့တယ်။

အခုဆို သူ့ဘ၀အကြောင်း သူရေးထားတဲ့စာအုပ်ကို အမေရိကန်နဲ့ တခြားနိုင်ငံတချို့က အင်ဂျင်နီယာကျောင်းတချို့မှာ ကျောင်းသားသစ်တွေကို မဖတ်မနေရစာအုပ်အနေနဲ့ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။
.
သူ့အကြောင်းကို ပိုပြီးသိချင်ရင် google မှာ William Kamkwamba လို့ ရိုက်ထည့်ပြီး ဆက်ဖတ်ကြည့်ကြပါ။ ဇာတ်ကားနာမည်ကတော့ အပေါ်မှာရေးပေးထားတဲ့နာမည်အတိုင်း အခမဲ့ဇာတ်ကားဒေါင်းလို့ရတဲ့ဝက်ဘ်ဆိုဒ်တွေကနေ ဒေါင်းကြည့်လို့ရပါတယ်။ တခြားသူတွေတော့ မသိပါဘူး၊ ကျနော့်တော့ ဒီဇာတ်ကားကို ကြိုက်ပါတယ်။

Credit- စည်သူထွန်း