Sponsored

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက လက်တလော ဥရောပနဲ့ အရှေ့အလယ်ပိုင်းမှာ တဟုန်ထိုးပျံ့နှံ့နေတဲ့ Coronavirus ကို ကမ္ဘာ့ကပ်ရောဂါအဆင့်အဖြစ် မတ်လ ၁၁ ရက်နေ့က သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် အဖွဲ့အစည်းတစ်ခုက ကပ်ရောဂါအဖြစ်မကြေငြာခင်မှာ စောင့်ကြည့်ရမယ့်အချက်တွေ ရှိပါတယ်။ ဘာလို့လည်း ဆိုတော့ သူတို့ရဲ့ကြေငြာချက်အမှားတစ်ခုကြောင့်တစ်ကမ္ဘာ့လုံး ရုတ်ရုတ်သဲသဲဖြစ်သွားနိုင်လို့ပါ။ ကပ်ရောဂါကို အကြမ်းမျဉ်းလေ့လာကြည့်မယ်ဆိုရင်တော့ ဆိုလိုရင်းက ရောဂါတစ်ခုဟာ တစ်ချိန်ထဲမှာပဲ ကမ္ဘာ့နိုင်ငံအများအပြားမှာ နေထိုင်သူတွေကို တဟုန်ထိုးကူးစက်တာကို ဆိုလို ခြင်းဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ ဖြစ်သူ Dr Tedros Adhanom

ယခုကြေငြာချက်ကို တော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ ဖြစ်သူ Dr Tedros Adhanom ကိုယ်တိုင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ယခုလိုသုံးနှုန်းခြင်းဟာ ရောဂါရဲ့ ပျံ့နှံ့မှုမြန်ဆန်တာအပြင် လူအများရဲ့ ရောဂါအပေါ်ပေါ့ဆမှုတွေတွေ့နေရလို့လို့ သူက ပြောပါတယ်။

Sponsored

ဒါဆိုရင် ကပ်ရောဂါအကြောင်းတွေနည်းနည်းလေ့လာ ကြည့်ရအောင်။

စောစောက ဆိုခဲ့သလိုပဲ ကပ်ရောဂါဆိုတာ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ တချိန်တည်း တဟုန်ထိုးကူးစက်တတ်တဲ့ရောဂါကို ဆိုလိုခြင်းဖြစ်ပါတယ်။ ကမ္ဘာ့ကပ်ရောဂါအဖြစ်ကြေငြာတာ ယခု ၂၀၂၀ မှ မဟုတ်ပါဘူး။ နောက်ဆုံးအကြိမ်ကြေငြာခဲ့တာက ၂၀၀၉ ခုနှစ်တုန်းကပါ။ အဲ့ဒီအချိန်က ဖြစ်ပွားခဲ့တဲ့ ရောဂါကို Swine Flu လို့ခေါ်ပြီး ကမ္ဘာ့နိုင်ငံသား ၂၀၃,၀၀၀ ယောက်ရဲ့အသက်တွေကို ဆွဲထုတ်သွားခဲ့ပါတယ်။

အထူးသဖြင့် ကပ်ရောဂါအဖြစ်ကြေငြာခံရတဲ့ရောဂါတွေဟာ ရောဂါအသစ်အဆန်းလည်းဖြစ်နေမယ်၊ လူတွေကို အလွယ်တကူကူးစက်နိုင်မယ့်အပြင် လူတစ်ဦးမှ တစ်ဦးကို အလျှင်အမြန်ပြန်လည်ကူးစက်နိုင် တာမျိုးတွေဖြစ်ပါတယ်။ Coronavirus ဟာ အဲ့ဒီအခြေအနေတွေအားလုံးနဲ့ကိုက်ညီနေယုံမက ကာကွယ်ဆေးလည်းမပေါ်သေးတာကြောင့် ပိုပြီးဂရုစိုက်ဖို့လိုပါတယ်။

ကာကွယ်ဆေးလည်းမပေါ်သေးတာကြောင့် ပိုပြီးဂရုစိုက်ဖို့လိုပါတယ်

ဖေဖော်ဝါရီလတုန်းက မီဒီယာတွေရဲ့ Coronavirus ကို ကပ်ရောဂါအဆင့်ကြေငြာနိုင်လားဆိုတဲ့အမေးကို WHO က စောသေးကြောင်း နဲ့ နိုင်ငံတော်တော်များများမှာ ပျံ့နှံ့မှုမတွေ့ရသေးကြောင်း ပြောခဲ့ပါတယ်။ သို့ပေမယ့် ယခုအချိန်မှာတော့ နိုင်ငံပေါင်း ၁၁၄ နိုင်ငံက လူပေါင်း ၁၁၈,၀၀၀ ဦးထံရောဂါက ရောက်ရှိနေနှင့်ပြီလည်းဖြစ်ပါတယ်။

နိုင်ငံတစ်ခုချင်းဆီမှာ ဘာသာစကားအသုံးအနှုန်းတွေမတူကြပေမဲ့ Coronavirus ကတော့ အညီအမျှပဲ ကူးစက်နိုင်ပါတယ်။ မကူးစက်နိုင်တဲ့ တိုင်းပြည်ဆိုပြီးမရှိပါဘူး။ သို့ပေမယ့် ရောဂါကို ကိုင်တွယ်ဖြေရှင်းပုံပေါ်မူတည်ပြီး တိုးတက်လာနိုင်တာတွေတော့ရှိပါတယ်။ တချို့နိုင်ငံတွေမှာ ရောဂါကို ကာကွယ်ဖို့ အရင်းအမြစ်အလုံအလောက်မရှိပါဘူး။ တချို့မှာက ကာကွယ်နိုင်စွမ်းအားနည်းနေကြပါတယ်။

တချို့ကတော့ ဘယ်လိုကိုင်တွယ်ရမှန်းမသိဖြစ်နေတာပါ။ ဒီအချက်တွေကို အခြေခံပြီး WHO ကနိုင်ငံတိုင်းကို
– ၎င်းတို့ရဲ့ အရေးပေါ်အခြေအနေဖြေရှင်းနည်းတွေကို လေ့ကျင့်ထားဖို့
– လူထုကို အသိပညာပေးများများပြုလုပ်ပေးဖို့
– ရောဂါအရင်းအမြစ်ရှာဖွေခြင်း၊ ထိန်းသိမ်းခြင်း၊ ကုသခြင်းတို့ကို အချိန်နှင့်တပြေးညီဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

နိဂုံးချုပ်အနေနဲ့ WHO က ” ကျွန်တော်တို့က ဒီရောဂါဘယ်လောက်စိုးရမ်ရတယ်ဆိုတာ ကို သတ်မှတ်ပေးတာပါ။ နိုင်ငံအသီးသီးရဲ့ စနစ်တကျ ကာကွယ်မှု ပေါ်မူတည်ပြီး ရလဒ်က ပြောင်းလဲသွားမှာပါ ” လို့လည်းပြောကြားခဲ့ပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source – BBC

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *