Sponsored

ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်ပြီး လုပ်ထုံး လုပ်နည်းနှင့်အညီ မဆောင်ရွက် နိုင်သော၊ တာ၀န် ကျေပွန်စွာ မဆောင်ရွက်နိုင်သော တာ၀န်ရှိသူများကို သက်ဆိုင်ရာ အဖွဲ့အစည်းများမှ အရေးယူရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ထုတ်ဖော် ပြောကြားလိုက်သည်။

ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ယင်းသို့ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၂၂ ရက်က ဗစ်တိုးရီးယား ဖခင်ဖြစ်သူက သမ္မတထံသို့ လိပ်မူ၍ ကူညီ ဆောင်ရွက်ပေးရန် တင်ပြလာမှု အပေါ် နိုင်ငံတော်သမ္မတက သက်ဆိုင်ရာ ဌာနများအား အမှုမှန် ပေါ်ပေါက်ရန်၊ တာ၀န်ယူမှု တာ၀န်ခံမှု ရှိရန်၊ ဥပဒေနှင့်အညီ ဖြစ်ရန် ၊ တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ထားမှု အခြေအနေများကို ပကတိတွေ့ရှိချက် အမှန်တရားအတိုင်း ပြန်လည်တင်ပြရန် ညွှန်ကြားချက် ထုတ်ပေးခဲ့သည်။

Sponsored

ထိုသို့ သမ္မတ၏ ညွှ့န်ကြားချက်အပေါ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့က သမ္မတထံသို့ အသီးသီးပြန်လည် တင်ပြခဲ့ကြရာ ထို တင်ပြချက်များကို စုစည်း၍ ယင်းသို့ အရေးယူ ဆောင်ရွက်ရန် ဖေဖော်ဝါရီ ၂၀ ရက်က လမ်းညွှန်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။

ဒီ တင်ပြချက်တွေကို စုစည်းပြီးတော့ သမ္မတကြီးက လမ်းညွှန်မှု ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ တင်ပြချက်နှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းနှင့် အညီ မဆောင်ရွက်နိုင်သော ၊ တာ၀န်ကို ကျေပွန်စွာ မဆောင်ရွက်နိုင်သော၊ လစ်ဟာမှုများ ဖြစ်ပေါ်ခဲ့သော၊ ဥပဒေ ပြဌာန်းချက်များနှင့် ညီညွတ်မှု မရှိသော တာ၀န်ရှိသူများကို သက်ဆိုင်ရာ အဖွဲ့အစည်းက လိုအပ်သလို အရေးယူ ဆောင်ရွက်ရန် ဆိုပြီး ညွှန်ကြားထားပါတယ်” ဟု ၎င်းကပြောသည်။

ထိုသို့ ညွှန်ကြား ထားသည့်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် သမ္မတ၏ လမ်းညွှန်ချက် အတိုင်း ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရှိရသည်။

နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယား အမှုသည် ၂၀၁၉ ခုနှစ် မေလ အတွင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သံသယတရားခံ အဖြစ် ယာဉ်မောင်း ကိုအောင်ကြီးကို တရားစွဲဆို တင်ပို့ခဲ့ခြင်းဖြစ်ကာ ဒီဇင်ဘာ ၁၈ ရက်တွင် ကိုအောင်ကြီး အနေဖြင့် အမှုအား ကျူးလွန်နိုင်ခြင်း မရှိသည့်အတွက် ဒက္ခိဏခရိုင် တရားရုံးက ကိုအောင်ကြီးအား တရားရှင် လွတ်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တရားရှင် လွှတ်ပေးခဲ့မှုအပေါ် ဒက္ခိဏခရိုင် ဥပဒေရုံးနှင့် အမှတ်(၁) မှုခင်း တပ်ဖွဲ့ရုံး (နေပြည်တော်) တို့က တိုင်းဥပဒေချုပ်ရုံးသို့ ပြင်ဆင်ချက် တင်သွင်းခဲ့သော်လည်း တိုင်းဥပဒေချုပ် ရုံးမှ ပယ်ချခဲ့သည်။

Source: သမ္မတရုံး

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *