Sponsored

ထိုင်းနိုင်ငံ ဘန်ကောက်မှာ မြန်မာအလုပ်သမားတွေဆီကနေ ပတ်စပို့နဲ့ ဗီဇာကြေးတွေ လိမ်ယူနေသူ ၁ ဦးကို အလိမ်ခံမြန်မာအလုပ်သမားတွေ ပူးပေါင်းပြီး ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပါတယ်။

အသက် ၃၅ နှစ်ရွယ် သူရသန်း ဆိုသူ မြန်မာတဦးမှာ သူ့ကိုယ်သူ အကျိုးဆောင် (ပွဲစား)လို့ ပြောပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထံမှ ပတ်စပို့ လုပ်ပေးခ၊ ဗီဇာသက်တမ်းတိုးပေးခတွေ လိမ်လည်တောင်းယူခဲ့ကြောင်း၊ ဒါပေမဲ့ ငွေယူသွားပြီး စာအုပ်ပြန်မပေးလို့ ခံရတဲ့ ဘဝတူအလုပ်သမားတွေ ပူးပေါင်းကာ မနေ့ညက ဘန်ကောက် စင်ထရယ်ဝေါလ် (စကိုင်းဝေါလ်) တံတားအောက်မှာ ဝိုင်းဝန်းဖမ်းဆီးပြီး ဖယားထိုင်းနယ်မြေရဲစခန်းကို ပို့ဆောင်ခဲ့ကြတယ်လို့ ဖမ်းဆီးရာမှာ ပါဝင်သူ ကိုစိုးသီဟက ဒီဗွီဘီကို ပြောပါတယ်။

ကျနော်က အလိမ်ခံရတဲ့ထဲမှာ ပါပါတယ်၊ ကျနော့်ဆီကနေ ငွေ ၆၀၀၀ နဲ့ ဝေါ့ခ်ပါမစ်ကို ယူသွားတယ်၊ ပြီးရင် လာမပေးဘူး။ တခြားအလိမ်ခံရသူတွေကို မေးတော့ သူက ပထမလုပ်ပေးမယ် ပြောတယ်၊ တော်တော်နဲ့ စာအုပ်ပြန်မပေးဘူး။ အလုပ်သမားတွေက တောင်းပန်ပြီး စာအုပ်ပြန်တောင်းတော့ သူက ဆိုင်ကယ်ကယ်ရီသမားနဲ့ ပို့ခိုင်းတယ်၊ ဆိုင်ကယ်ကယ်ရီသမားနဲ့ပေါင်းပြီး ငွေထပ်ညှစ်တယ်၊ ပြီးရင် စာအုပ်ထဲမှာ ဘာမှလည်း လုပ်မထားဘူး။ တချို့ဆို အိတ်လေးနဲ့ထည့်ပေးလိုက်တာကို အဲဒီပုံစံအတိုင်း ပြန်ပို့တယ်၊ ဖွင့်တောင်ဖွင့်ကြည့်တာ မဟုတ်ဘူး၊ ငွေတော့ ယူသွားတယ်။ ဒါနဲ့ မနေ့ညတုန်းက အလုပ်သမား ၁ ယောက်ကို စာအုပ်ပြန်တောင်းခိုင်းတယ်၊ သူကလည်း တက္ကစီသမားနဲ့ ပို့လိုက်မယ်၊ ဘတ် ၆၀၀ ထပ်ပေးပါတဲ့။ အဲဒါနဲ့ ကျနော်တို့ကလည်း တက္ကစီသမား ရောက်လာတော့ သူဟာ လူလိမ်ဆိုတာကို အကျိုးအကြောင်းပြောပြလိုက်တယ်၊ တက္ကစီလည်းပူးပေါင်းပြီး သူ ရှိတဲ့နေရာပြောပြီး ကျနော်တို့က သွားစောင့်ပြီး ဝိုင်းဖမ်းလိုက်ကြတာ၊ သူ့ကိုတွေ့တော့ ကြောင်တောင်တောင်နဲ့၊ မူးယစ်ဆေး သုံးထားသလိုပဲ။ ပထမဖမ်းတော့ ကျနော်တို့ ၄- ၅ ယောက်ပဲရှိတယ်၊ တယောက်နဲ့ တယောက် ဆက်ပြောတော့ နောက်ဆုံးရဲစခန်းကို ခေါ်သွားတော့ ၁၅ ယောက် လောက်ရှိတယ်။

Sponsored

သူရသန်းမှာ အခုလိုအလုပ်သမားတွေဆီက လိမ်နေတာကြာပြီဖြစ်ပြီး အလိမ်ခံရသူပေါင်း ၄၀ ကျော်န၊ စုစုပေါင်း ဘတ်ငွေ ၇ သိန်း နဲ့ ၁၀ သိန်းကြား လိမ်လည်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စကို အရေးယူ ဆောင်ရွက်ပေးဖို့ မြန်မာအလုပ်သမား သံအရာရှိတွေ၊ ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အစည်းတွေကို ဦးစွာတိုင်ကြားခဲ့ပေမယ့် သူတို့ဆီမှာ ခိုင်လုံတဲ့ အထောက်အထားမရှိဘူးလို့ ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အလိမ်ခံရသူ သုံး လေးဦး ပေါင်းပြီး ပြီးခဲ့တဲ့ မတ ၁၂ ရက်နေ့က ဖယားထိုင်းနယ်မြေရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ကြောင်း၊ ရဲက သူရသန်း အသုံးပြုနေတဲ့ ဘဏ်စာအုပ် ၂ အုပ်ကို အရင်သွားပြီးစာရင်း ပိတ်ထားဖို့ ထောက်ခံစာထုတ်ပေးကြောင်း၊ သူတို့လည်း ဘဏ်စာရင်းသွားပိတ်ခဲ့ပြီး မနေ့ညကတော့ လူကိုပါဖမ်းပြီး ရဲလက် အပ်လိုက်တာလို့ ကိုစိုးသီဟက ပြောပါတယ်။

ဒါကြောင့် သူရသန်းရဲ့ လိမ်ညာမှုကို ခံထားရတဲ့သူတွေအနေနဲ့ ဖယားထိုင်းရဲစခန်းမှာ လာပြီး နောက်ထပ် သက်သေထွက်ပေးစေလိုကြောင်း၊ မိမိအလိမ်ခံထားရတဲ့ငွေတွေ အားလုံးပြန်ရလိမ့်မယ်လို့ အာမမခံရဲပေမယ့် တရားဥပဒေအရ ပိုပြီးထိရောက်စွာ အရေးယူနိုင်ဖို့ လာရောက်ပူးပေါင်းဖို့ သူက တိုက်တွန်းပါတယ်။

ထိုင်းမှာ အခုလို ကိုယ့်နိုင်ငံသားချင်း လိမ်လည်နေသူတွေ၊ ထိုင်းတွေနဲ့ ပူးပေါင်းပြီး ကိုယ့်လူမျိုးချင်း လိမ်စားနေသူတွေ နောက်ထပ်အများကြီးရှိနိုင်ကြောင်း၊ အခုလို အလုပ်သမားတွေ ပူးပေါင်းပြီး ကိုယ့်အားကိုယ်ကိုး ဖမ်းဆီးနိုင်တာဟာ စံနမူနာတခုဖြစ်သလို လူလိမ်တွေ ပပျောက်သွားအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ကိုစိုးသီဟက တိုက်တွန်းပြောကြားသွားပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *