Sponsored

ထိုင်းတောင်ပိုင်း၊ ကရပိခရိုင်ကရပိပြည်သူ့ဆေးရုံကြီးမှာ COVID-19 ရောဂါပိုးကူးစက်ခံရသူ လူနာတဦး ဆေးရုံကနေ ဆင်းပြေးသွားပြီး သူ့ကို လိုက်လံဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၇ ဦးမှာလည်း နေအိမ်မှာ ၁၄ ရက် စောင့်ကြည့်ကန့်သတ်ခံနေရပါတယ်။

အသက် ၂၀ နှစ်အရွယ် လူနာဟာ ကရပိဆေးရုံကြီးမှာ တက်ရောက်ကုသနေစဉ် ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်က ဆေးရုံကနေ ဆင်းပြေးသွားတာကြောင့် တခြားသူတွေကို ရောဂါ ဆက်လက်ကူးစက်သွားမှာစိုးတဲ့အတွက် ဆေးရုံအုပ်က ရဲတပ်ဖွဲ့ဆီ လှမ်းအကြောင်းကြားပြီး ဖမ်းခိုင်းခဲ့တာပါ။

@BangkokPost

ရဲတပ်ဖွဲ့က သူ့ကို တရန်ခရိုင်သွားမယ့် အဝေးပြေးကားဂိတ်မှာ ပြန်ဖမ်းမိခဲ့ပေမယ့် ရောဂါရှိသူကို ကိုယ်တွယ်ထိတွေ့ခဲ့သူ ရဲတပ်ဖွဲ့ဝင်တွေရော နီးနီးကပ်ကပ် နေခဲ့တဲ့ ရဲတပ်ဖွဲ့ ဝင် ၇ ဦးမှာ ရောဂါပိုး ကူးစက်မှာစိုးလို့ သူတို့အားလုံး နေအိမ်မှာ ၁၄ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ဖို့ ညွှန်ကြားလိုက်ကြောင်း ကရပိရဲတပ်ဖွဲ့ စခန်းမှူး နရုန်းလတ်ဆနဝိမွန်းက သတင်းထောက်တွေကို ပြောပါတယ်။

Sponsored

အဆိုပါ ၁၄ ရက်ကို တာဝန်ထမ်းဆောင်ရက်အဖြစ် သတ်မှတ်ပေးပြီး သူတို့အနေနဲ့လည်း မိမိရဲ့ကျန်းမာရေးကို နေ့စဉ် သတိထားစောင့်ကြည့်ရမှာဖြစ်ကြောင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာအရိပ်အယောင်ရှိရင် ဆရာဝန်နဲ့ ချက်ချင်းပြသဖို့လည်း ညွှန်ကြားထားပါတယ်။

အလားတူ ထွက်ပြေးသူ လူနာ လိုက်ပါစီးနင်းသွားတဲ့ ဆိုင်ကယ်ကယ်ရီသမားရော၊ သူ့ကို တရန်းခရိုင် နာယုန်မြို့နယ် နာမင်ဘီရပ်ကွက်ကနေ ဆေးရုံလာတင်ပေးသူ ဆွေမျိုးနီးစပ်သူ၊ ဘတ်စ်ကား တစီးတည်း စီးနင်းလိုက်ပါလာသူ အခြားခရီးသည် ၈ ဦးပါ အားလုံး ၁၄ ရက် အိမ်ကနေ မထွက်ဘဲ ကျန်းမာရေးစောင့်ကြည့်ဖို့ ဆေးရုံအုပ်က ညွှန်ကြားထားပါတယ်။

ကုသမှု ခံယူစဉ် ထွက်ပြေးခဲ့တဲ့လူနာကတော့ လူထုကျန်းမာရေးဆိုင်ရာဥပဒေအရ အရေးယူခံရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဒီမတိုင်ခင် မတ်လ ၂၀ ရက်အထိ တာဝန်ဝတ္တရားထမ်းဆောင်ရင်း COVID-19 ရောဂါ ကူးစက်ခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၆ ဦးရှိပါတယ်။

ကိုးကား- Mgronline- Bangkokbiznews

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *