ဦးစိုးထွန်းရှိန်အား Air-Thanlwin လေယာဉ်ဖြင့် မန္တလေးသို့ပို့ဆောင်

@Facebook

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့ နေ့လယ် (၁၂)နာရီကျော်အချိန်တွင်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရားခံပြေး အဖြစ် ကြေညာထားပြီး ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှတစ်ဆင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ခေါ်ဆောင်လာခဲ့ပြီး တာချီလိတ်လေဆိပ်မှ မွန်းလွဲ (၂)နာရီ (၅၀)မိနစ်ခန့်တွင် Air-Thanlwin လေယာဉ်ဖြင့် မန္တလေးသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။

@Facebook

ဦးစိုးထွန်းရှိန်အား ခေါ်ဆောင်လာသည့် မော်တော်ယာဉ် (၂)စီးကို မြန်မာ – ထိုင်း ချစ်ကြည်ရေး တံတား အမှတ်(၂)မှတစ်ဆင့် ခေါ်ဆောင်လာချိန်တွင် ချစ်ကြည်ရေး တံတား၏ တာချီလိတ်ဘက်ခြမ်း၌ အသင့်စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ကားများ လိုက်ပါလျက် တာချီလိတ် လေဆိပ်သို့ မောင်းနှင်သွားကြခြင်း ဖြစ်ပြီး လမ်းတလျှောက်တွင်လည်း လုံခြုံရေး ယူထားကြောင်း သိရှိရသည်။

@Facebook

မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားခံပြေးအဖြစ် ကြေညာထားသော အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်အား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်၌တွေ့ရကြောင်း Myanmar Now သတင်းဌာနက ဖော်ပြပြီးနောက်၎င်းအားရှာဖွေဖမ်းဆီးရန် မြန်မာရဲတပ်ဖွဲ့ ထိပ်ပိုင်းအရာရှိများသည် ထိုင်းနိုင်ငံသို့ သွားမည်ဟု သမ္မတရုံး ပြောခွင့်ရအရာရှိက ပြောကြားထားခြင်းဖြစ်သည်။

@Facebook

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ ဧက (၆၀၀၀) ကျော်တွင် ရွှေလုပ်ကွက်ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံတော်သို့ ပေးသွင်းရမည့် သတ်မှတ်ရွှေပိဿါများ မပေးဆောင်သည့်အပြင် ရွှေတူးဖော်မှုကို တရားမဝင်ဆက်လက်လုပ်ကိုင်နေသဖြင့် သတ္တုတွင်းဥပဒေအပြင် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုတို့ဖြင့်ပါ အမှုဖွင့်ခံထားရခြင်းဖြစ်သည်။

အဆိုပါ တရားခံပြေးအား မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း မြို့မရဲစခန်း(ပ) ၆၁/၂၀၁၈၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)/ကျင့် ၅၁၂ အမှုမှ ထွက်ပြေး တိမ်းရှောင်နေသော တရားခံပြေးများ ဖြစ်သည့် စိုးထွန်းရှိန်၊ ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုးနှင့် စောမောင်တို့အား တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းများသို့ ဆက်သွယ် အကြောင်းကြားပေးကြရန် ၂၀၁၉ ခုနှစ် မတ်လအတွင်းက ကြေညာထားခြင်း ဖြစ်သည်။