အီတလီတွင် ရထားတိုက်ခံရသူကို နောက်ခံထား၍ Selfie ဓာတ်ပုံ ရိုက်ခဲ့သူ ပြင်းထန်စွာ ဝေဖန်ခံနေရ

အီတလီတွင် ရထားတိုက်ခံရသူကို နောက်ခံထား၍ Selfie ဓာတ်ပုံ ရိုက်ခဲ့သူ

အီတလီတွင် ရထား မတော်တဆမှု ဖြစ်ပွားရာ နေရာ၌ Selfie အလှဓာတ်ပုံရိုက်သည့် လူတစ်ဦး၏ လုပ်ရပ်နှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ဖြစ်ပေါ်လျက် ရှိသည်။

ပီယာဆင်ဇာမြို့ရှိ ရထားလမ်း တစ်ခုတွင် ရထားတိုက်ခံရသည့် သက်ကြီးရွယ်အို ကနေဒါ အမျိုးသမီး တစ်ဦးကို ဆေးဝန်ထမ်းများက အရေးပေါ် ကုသပေးနေပုံကို နောက်ခံပြုကာ အဆိုပါ အမျိုးသား Selfie ရိုက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အောင်ပွဲ သင်္ကေတဖြစ်သည့် လက်နှစ်ချောင်းကိုလည်း V ပုံသဏ္ဍန် ထောင်ပြထားသေးသည်။

ယင်းအခြေအနေကို နောက်ကွယ်မှ ရိုက်ယူထားသည့် ဓာတ်ပုံတစ်ပုံ အင်တာနက်ပေါ် ရောက်ရှိလာသည့်နောက် အီတလီတွင်ရော၊ နိုင်ငံတကာတွင်ပါ ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချမှုများ ပေါ်ပေါက်လာသည်။ အဆိုပါ မတော်တဆမှုသည် မေလ ၂၆ ရက်က ဖြစ်ပွားခဲ့ပြီး အမျိုးသမီးကြီးမှာ ခြေထောက်တစ်ဖက်ပါ ဖြတ်တောက်ခဲ့ရသည်။

Selfie ရိုက်နေသူ၏ ပုံရိပ်ကို ဓာတ်ပုံရိုက်လာသည့် သတင်းထောက် ဂျီယိုဂျီ လမ်ဘရီက “ကျွန်တော်တို့ဆီမှာ ကျင့်ဝတ်ပိုင်းနဲ့ ပတ်သက်လို့ လုံးဝဥဿုံ ဆုံးရှုံးမှုတွေ ရှိနေပါပြီ။ ဒီလူဆိုရင် သူ့အမူအကျင့်ဟာ ဘယ်လောက် ဆိုးယုတ်သလဲ ဆိုတာကို တွေးမိပုံတောင် မပေါ်ပါဘူး။ ကျွန်တော်က မှုခင်းဖြစ်စဉ်တွေကို သတင်းယူခဲ့တဲ့ ဝါရင့် မီဒီယာသမား တစ်ယောက်ပါ။ ကြောက်စရာ မြင်ကွင်းတွေ အများကြီး ကျွန်တော် တွေ့ဖူးပါတယ်။ ဒါပေမဲ့ ဒီကိစ္စလောက် ဝမ်းနည်း တုန်လှုပ်သွားတာတော့ မရှိဖူးဘူး”ဟု မှတ်ချက်ပေးခဲ့သည်။

အဆိုပါ ဓာတ်ပုံနှင့်အတူ ရေးသားထားသည့် ဆောင်းပါးကို လမ်ဘရီက “လူတွေ မမျှော်မှန်းနိုင်တဲ့ အရိုင်းအစိုင်း အမူအကျင့်၊ ကြေကွဲစရာ မြင်ကွင်းရှေ့က Selfie”ဟု ခေါင်းစဉ် တပ်ထားခဲ့သည်။ Selfie ဓာတ်ပုံရိုက်သည့် အမျိုးသားကို မီးရထားလမ်း ရဲတပ်ဖွဲ့က ခေါ်ယူကာ ဓာတ်ပုံကို ဖျက်ပစ်စေခဲ့သည့်နောက် အခြား အရေးယူမှု တစ်စုံတစ်ရာ မပြုဘဲ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ကြေကွဲစရာ အခြေအနေများကို နောက်ခံပြုကာ Selfie အလှဓာတ်ပုံ ရိုက်လေ့ရှိသူများနှင့် ပတ်သက်၍ ယခင်ကလည်း ကမ္ဘာ့နိုင်ငံ အများအပြားတွင် ဝေဖန် ရှုတ်ချမှု၊ ဒေါသတကြီး ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့ဖူးသည်။

Ref: Independent