Sponsored

ချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲမျိုးလည်းဖြစ်၊ ဂုဏ်သိက္ခဏာကြီးမားတဲ့ပွဲလည်းဖြစ်တဲ့ El Clasico ပွဲမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘာစီလိုနာအသင်းကို ၂ဂိုးပြတ်အနိုင်ကစားပြီး ချိုမြိန်တဲ့နိုင်ပွဲတစ်ပွဲကို ပုံဖော်နိုင်ခဲ့ပါတယ်။

အမှတ်ပေးဇယားအထက်နဲ့အောက် ရမှတ် မဆိုစလောက်သာ ကွာဟနေပြီး ဒီပွဲအနိုင်ရလိုက်ရင် ချန်ပီယံဆုအတွက် အခွင့်အရေးကောင်းသွားမှာဖြစ်တာကြောင့် နှစ်သင်းစလုံး အမှားအယွင်းမခံဘဲ အကောင်းဆုံးလူစာရင်းကို ခင်းကျင်းသွားခဲ့ကြပါတယ်။

Getty Images

ဘာစီလိုနာအသင်းက ဂရီးမန်းဇ်၊ မက်ဆီတို့တိုက်စစ်အတွဲကို ဗီဒယ်လ်၊ ဒီယောင်၊ အာသာ၊ ဘူးစကွက်စ်တို့ ဝန်းရံပေးထားခဲ့သလို ရီးရဲလ်ကလည်း ဘန်ဇီမာကို ဗင်နီရှပ်စ်၊ အစ္စကိုတို့နဲ့ တွဲဖက်ပေးခဲ့ပြီး ဗယ်လ်ဗာဒီ၊ ကရူးစ်၊ ကက်စ်မဲရိုးတို့ ကွင်းလယ်အတွဲနဲ့ ပွဲထုတ်လာခဲ့ပါတယ်။

Sponsored

နှစ်သင်းစလုံးရဲ့ ခံစစ်ပိုင်းကတော့ လူစုံတက်စုံလို့ ပြောလို့ရပြီး ဝါရင့်ဘယ်နောက်ခံလူ မာဆယ်လိုကို ရီးရဲလ်နည်းပြဇီဒန်း နေရာပြန်ပေးခဲ့တာ တွေ့ရပါတယ်။ ပွဲအစပိုင်းမှာတော့ ရီးရဲလ်က နည်းနည်းအသာရခဲ့ပြီး ကစားကွက်တည်မရသေးတဲ့ ဘာစီလိုနာကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။

Getty Images

မိနစ် ၂၀အတွင်းမှာပဲ ရီးရဲလ်အသင်း အခွင့်အရေးကောင်းတစ်ခုရခဲ့ပြီး ဘင်ဇီမာရဲ့ မြေမကျကန်ချက် လွဲချော်သွားခဲ့တာကြောင့်သာ ဦးဆောင်ဂိုး မရခဲ့တာပါ။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ ဘာစီလိုနာအသင်း ပွဲကိုတဖြည်းဖြည်းနဲ့ လွှမ်းမိုးကစားလာနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ခပ်စိတ်စိတ်လေး ရလာပါတယ်။

မက်ဆီ၊ အယ်လ်ဘာတို့ရဲ့ လှပတဲ့အတွဲအဖက်ကနေတဆင့် အယ်လ်ဘာဖန်တီးပေးတာကို ဂရီးမန်းဇ် ဧရိယာထဲမှာ အပိုင်ပိတ်သွင်းခွင့်ရပေမဲ့ ထောင်ထွက်သွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာလည်း ဘူးစကွက်စ်ရဲ့ တိကျတဲ့ပေးပို့မှုကနေ မက်ဆီကန်သွင်းတာကို ကော်တွာကာကွယ်နိုင်ခဲ့သလို ဘာစီလိုနာအသင်းရဲ့နောက်ထပ်အားထုတ်မှုတွေကလည်း အရာမထင်ခဲ့တာကြောင့် ပထမပိုင်းမှာ ဂိုးမရှိ‌သရေကျခဲ့တာပါ။

Getty Images

အစောပိုင်းမိနစ်အချို့ကလွဲလို့ ပထမပိုင်းပွဲ‌ချိန်တွေမှာ ရီးရဲလ်အသင်းဟာ ဘာစီလိုနာအသင်းရဲ့တွဲလုံးတွေကိုပဲ ခက်ခက်ခဲခဲ တားဆီးရင်း အချိန်ကုန်ခဲ့ရတာဖြစ်ပြီး တန်ပြန်တိုက်စစ်တွေက အလုပ်မဖြစ်ခဲ့ပါဘူး။ ဗင်နီရှပ်စ်က တိုးအားကောင်းပေမဲ့ ဆုံးဖြတ်ချက်တွေ ညံ့နေသလို ညာတောင်ပံကလည်း ကာဗာဟယ်လ်ရဲ့ဖြတ်တင်ဘော‌တွေကလွဲလို့ ပံ့ပိုးမှုအားနည်းခဲ့တာကြောင့် ဘင်ဇီမာတစ်ယောက်တည်း ဘာမှမလုပ်နိုင် ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ခြားနားတဲ့အသင်းတစ်သင်းဖြစ်သွားခဲ့ပြီး ဘာစီလိုနာအသင်းကို အကောင်းဆုံး ခြိမ်းခြောက်ကစားသွားနိုင်ခဲ့ပါတယ်။ တိုက်စစ်ပိုင်းက ပထမပိုင်းနဲ့ လုံးဝမတူဘဲ တက်လာခဲ့တာဖြစ်ပြီး အစ္စကို၊ ဗင်နီရှပ်စ်တို့ရဲ့ တိုးအားလှုပ်အားတွေနဲ့ ဘာစီလိုနာခံစစ်ကို အလုပ်ပေးနိုင်ခဲ့သလို ထောင့်ကန်ဘောတွေလည်း ဆက်တိုက်ဆိုသလို ရခဲ့ပါတယ်။

Getty Images

ပွဲချိန် ၅၅မိနစ်လောက်မှာ အစ္စကိုရဲ့ ဧရိယာပြင်ပက လှပတဲ့အပိုင်ကန်ချက်ကို ဘာစီလိုနာဂိုးသမား တာစတီဂျန်ကာကွယ်သွားနိုင်ခဲ့သလို မိနစ် ၆၀လောက်မှာလည်း အစ္စကိုပဲ ခေါင်းတိုက်သွင်းယူခဲ့ပေမဲ့ ဂိုးစည်းပေါ်ကနေ ပီကေး ရှင်းထုတ်သွားခဲ့တာကြောင့် ရီးရဲလ်ဂိုးမရခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကတော့ ဘောလုံးကိုင်ထားနိုင်ပေမဲ့ တိုက်စစ်ပိုင်းက တဖြည်းဖြည်းချင်းအားနည်းလာခဲ့ပြီး ရီးရဲလ်ရဲ့ တန်ပြန်တိုက်စစ်တွေကိုသာ တောက်လျှောက်ခွင့်ပြုခဲ့ရတာပါ။ အဲဒီအတွက် ပထမပိုင်းအပြီး ရီးရဲလ်နည်းပြဇီဒန်းရဲ့ အဝတ်လဲခန်းအတွင်း တွန်းအားပေးမှုတွေကို အသိအမှတ်ပြုရပါလိမ့်မယ်။

Getty Images

၆၉မိနစ်မှာတော့ ဘာစီလိုနာနည်းပြကီကီဆတ်တီယန်တစ်ယောက် မနေနိုင်တော့ဘဲ ဘရက်ဝိတ်ကို ထည့်သွင်းကာ အပြောင်းအလဲလုပ်ခဲ့ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ဘရက်ဝိတ်ကန်သွင်းခွင့်ရခဲ့ပေမဲ့ ဒီတစ်ခါမှာတော့ ရာမို့စ် ရှင်းထုတ်နိုင်ခဲ့ပါတယ်။ နောက်ထပ် တစ်မိနစ်ခန့်အကြာ ၇၁မိနစ်မှာတော့ ဒုတိယပိုင်းမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ ဗင်နီရှပ်စ်က သူ့ပုံစံအတိုင်း ဘယ်ခြမ်းကနေ အတွင်းဆွဲဝင်ပြီး ရီးရဲလ်အတွက် ဦးဆောင်ဂိုး ရယူခဲ့ပါတော့တယ်။

ဗင်နီရှပ်စ်ရဲ့ ဒုတိယပိုင်းခြေစွမ်းကတော့ တကယ်ချီးကျူးစရာဖြစ်ပြီး ပထမပိုင်းကနဲ့ မတူတော့ဘဲ ဘယ်ခြမ်းတစ်လျှောက် ရီးရဲလ်အသင်းအတွက် အကောင်းဆုံး ကစားသွားနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးရပြီးနောက်ပိုင်းမှာတော့ ရီးရဲလ်ဟာ မိုဒရစ်နဲ့ ဗက်စ်ကွက်တို့ကို ထည့်ကာ ထိန်းကစားသွားခဲ့ပါတယ်။

Getty Images

ဘာစီလိုနာအသင်းအနေနဲ့ကတော့ ဖာတီနဲ့ ရာကီတစ်တို့ ဝင်လာခဲ့ပေမဲ့ တည်ငြိမ်သွားတဲ့ ရီးရဲလ်နောက်တန်းကို ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်းမရှိတော့ဘဲ တန်ပြန်တိုက်စစ်တွေကိုသာ ဆက်တိုက်ခွင့်ပြုနေခဲ့ရပါတယ်။

၁-၀ဂိုးနဲ့ပဲ ပွဲပြီးတော့မယ် ထင်နေတုန်းမှာပဲ မိနစ် ၉၀မှာမှ လူစာဝင်လာတဲ့ မာရီယာနိုက နာကျင်အချိန်ပိုမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဒုတိယဂိုးထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် မက်ဒရစ်သားတွေ နှစ်ဂိုးပြတ်အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းအတွက်ကတော့ ပထမပိုင်းက ရရှိခဲ့တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့အပြင် ဒုတိယပိုင်းမှာ ကစားကွက်ပိုင်းသေသွားခဲ့တာကိုပဲ အပြစ်ဖို့ရမှာဖြစ်ပြီး အပြောင်းအလဲတွေနဲ့ ရီးရဲလ်ကို မယှဉ်နိုင်ခဲ့တာကြောင့် ဘာနေဗြူးမှာ အရှုံးပေးခဲ့ရတာလို့ပဲ ဆိုရပါတော့မယ်။

Source: Daily Mail

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *