Sponsored

ခန္ဓာကိုယ် အရွယ်အစားကြောင့် ကျောင်းမှာ အနိုင်ကျင့်ခံခဲ့ရပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တဲ့ သြစတြေးလျနိုင်ငံက အသက် ၉ နှစ်အရွယ် ကလေးငယ်လေး ကွာဒန်ဘလက်စ်ဟာ တကမ္ဘာလုံးရဲ့ နှစ်သိမ့်မှုတွေကို ရရှိခဲ့ပြီး အားပေးသူ ပရိသတ်ထောင်ချီရှေ့မှာ ရဂ်ဘီလိဂ် အသင်းတသင်းကို ဦးဆောင်ကာ ထွက်ပေါ်လာနိုင်ခဲ့ပါတယ်။

ဘာလက်စ်ဟာ အမျိုးသားရဂ်ဘီလိဂ်ပြိုင်ပွဲဝင် Indigenous All Stars နဲ့ New Zealand Maoris အသင်းတို့ရဲ့ စနေနေ့ ပွဲစဉ်မှာ Indigenous All Stars အသင်းကို ဦးဆောင်ကာ ကွင်းထဲကို ဝင်ရောက်ခွင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Getty Images

ဘာလက်စ်ဟာ ဒီအသင်းတသင်းလုံးက အွန်လိုင်းပေါ် ဗွီဒီယိုဖိုင်တခုတင်ဟာ ဒီဖွင့်ပွဲအတွက် ဖိတ်ကြားခဲ့တာဖြစ်ပြီး ဗွီဒီယိုဖိုင်မှာ အသင်းခေါင်းဆောင် လတ်ထရယ်မစ်ချယ်က “မင်းကို ငါတို့ နဂိုအတိုင်း ပြန်ဖြစ်အောင် လုပ်ပေးမယ်။ ကောင်လေး မင်းဘက်မှာ ငါတို့အားလုံးရှိနေပါတယ်” လို့လည်း ပြောပါတယ်။

Sponsored

ဘာလက်စ်ဟာ သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်က ဖြစ်ပြီးတော့ သီတင်းပတ်အစောပိုင်းမှာ သူ့ရဲ့မိခင်ဖြစ်သူ ယာရာကာက အနိုင်ကျင့်ခံရခြင်းကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေအကြောင်းကို အားလုံး သတိပြုမိစေခဲ့တဲ့ စိတ်ထိခိုက်စရာ ဖေ့စ်ဘွတ်လိုက်ဖ်ဗွီဒီယို ဖိုင်တခုကို တင်ခဲ့ပါတယ်။

Getty Images

အနိုင်ကျင့်ခံရခြင်းကြောင့် သူမရဲ့ သားဖြစ်သူဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့တောင် ကြိုးစားနေခဲ့တယ်လို့လည်း သူမက ပြောဆိုခဲ့ပါတယ်။

“ဒါဟာ အနိုင်ကျင့်ခံရခြင်းကြောင့်ဖြစ်တဲ့ အကျိုးဆက်တွေပါပဲ။ ရှင်တို့အနေနဲ့ ရှင်တို့ သားသမီး၊ မိသားစုနဲ့ မိတ်ဆွေတွေကို ဒီလိုမလုပ်ဖို့ ဆုံးမပေးနိုင်မလား” လို့ ယာရာကာက မျက်ရည်လည်ရွဲနဲ့ ဒီဗွီဒီယိုဖိုင်မှာ ပြောထားပါတယ်။

Getty Images

အင်္ဂါနေ့မှာ တင်ခဲ့တဲ့ ဒီဗွီဒီယိုဖိုင်ကို လူသန်းချီက ဝင်ရောက်ကြည့်ရှုခဲ့ကြပြီး ကမ္ဘာတဝန်းလုံးက ဘာလက်စ်အတွက် ခွန်အားဖြစ်စေမယ့် အားပေးစကားတွေကို ဝိုင်းဝန်းပြောဆိုခဲ့ကြကာ သူ့ကို ဒစ္စနေးလန်းကို ပို့ဆောင်ပေးဖို့အတွက် ရန်ပုံငွေ ကောက်ခံမှုဟာလည်း ဒေါ်လာထောင်ချီ ရရှိခဲ့ပြီးဖြစ်ပါတယ်။

စနေ‌နေ့ ပွဲစဉ်မှာ ဘာလက်စ်ကို ဖိတ်ကြားခဲ့တဲ့ Indigenous All Stars အသင်းက ၃၀-၁၆ နဲ့ ရှုံးနိမ့်ခဲ့ရပြီး ဒီပွဲကို ဘားလက်စ်က ကွင်းထဲကနေ ကြည့်ရှုခွင့်ရရှိခဲ့ပါတယ်။

Getty Images

အနိုင်ကျင့်ခံရခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်‌ကြောင်း ငိုယိုပြောဆိုနေတဲ့ ဘာလက်စ်ရဲ့ ဗွီဒီယိုဖိုင် တက်လာခဲ့ပြီးနောက် သူ့ကို ဝိုင်းဝန်းအားပေးခဲ့ကြတဲ့ ကမ္ဘာကျော်တွေထဲမှာ သြစတြေးလျမင်းသား ဟက်ဂျက်မန်းလည်း ပါဝင်ခဲ့ပါတယ်။

“မင်း ဘာပဲဖြစ်နေနေ။ ငါဟာ မင်းရဲ့မိတ်ဆွေပါပဲ။ ကွာဒန်ရေ… မင်းဟာ မင်း ထင်ထားတာထက် ပိုပြီးတော့ကို သန်မာပါတယ်ကွ။ အားလုံးအနေနဲ့လည်း တဦးကိုတဦး ကြင်နာ ကိုယ်ချင်းစာကြရအောင်ဗျာ။ အနိုင်ကျင့်တယ်ဆိုတာ ဘယ်တော့မှ ကောင်းတဲ့အရာ ဖြစ်လာမှာ မဟုတ်ဘူး” လို့လည်း မင်းသားကြီးက တွစ်တာကနေတဆင့် ဘာလက်စ်ကို အားပေးနှစ်သိမ့်ခဲ့ပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *