Sponsored

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ ဇန်နဝါရီ ၁၆ ရက်နေ့က လောင်းကစားပြုလုပ်ရာတဲ့ နေရာ ၂၀ ကျော်ကို ရဲတပ်ဖွဲ့အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။

မြို့ပေါ်ရပ်ကွက်ငါးရပ်ကွက်ရှိ နှစ်လုံးထီ၊ သုံးလုံးထီနဲ့​ဘောလုံးဒိုင် နှစ်ဆယ်​ကျော်ကို ခရိုင်နဲ့မြို့နယ်ရဲတပ်ဖွဲ့ဝင်​တွေ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်​ရေးမှူး​၊ ရာအိမ်မှူးတွေစု​​ပေါင်း​ပြီး အဖွဲ့နှစ်ဆယ်ကျော်ခွဲကာ တချိန်ထဲတ​​ပြိုင်ထဲ ဝင်​ရောက်ရှာ​ဖွေခဲ့တာ ဖြစ်ပါတယ်။

Photo: နေလင်းထိုက်

ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ ဖမ်းဝရမ်းနဲ့သတင်းအရ ဝင်ရောက်ရှာဖွေရာမှာ မြို့မ (၃) ရပ်ကွက် ​​မြို့မစျေးအတွင်းက သန်းမင်းနိုင်(ခ) ကြွက်ကလေးဆိုသူနဲ့ မြို့မ (၅) ရပ်ကွက် တိုးချဲ့ကွက်သစ်နေ ဒေါ်ခိုင်ခိုင်စိုးတို့ နှစ်ဦးထံက တရားမဝင် လောင်းကစားပြုလုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်း၊ ငွေတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့မစခန်းမှူး ဒုရဲမှူးဌေးဝင်းက ဒီဗွီဘီကိုပြောပါတယ်။

Sponsored

ဖမ်ဆီးရမိသူ နှစ်ဦးနဲ့ သက်​​​သေတွေကို အသေးစိတ်စစ်ဆေးနေပြီး နောက်နောင် လောင်းကစားမှုတွေ မဖြစ်ပေါ်စေဖို့ အသိပညာပေးမှုတွေ၊ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ ပြုလုပ်သွားမယ်လို့​ မြို့မစခန်းမှူး ဒုရဲမှူးဌေးဝင်း က ဆိုပါတယ်။

Photo: နေလင်းထိုက်

​မြို့မစခန်းမှူး ဒုရဲမှူး​ဌေးဝင်း က “သန်းမင်းနိုင် (ခ) ကြွက်ကလေးထံက ဘောင်ချာစာရွက် ၁၃ ရွက် ညောင်ဘိုးတော်စာသားပါ နှစ်လုံးထီအတိတ်ပေးစက္ကူကတ်တခု၊ သုံးလက်စ ကာဗွန်အပိုင်း ၃ ရွက်၊ ဘောပင်(၁)ချောင်း၊ ငွေ ၁၆၃၇၀ဝ ကျပ်နဲ့ဒေါ်ခိုင်ခိုင်စိုးထံက ဘောက်ချာစာရွက် ၂ ရွက်၊ နှစ်လုံးထီဂဏန်းတွေ တွက်ချက်ထားတဲ့စာရွက် ၂ ရွက်၊ ရေးလက်စကာဗွန် ၂ ရွက်၊ ဘောပင် ၁ချောင်း၊ ငွေ ၁၀၉၅ဝ ကျပ် ” တို့ကို ဖမ်းဆီးရမိခဲ့တယ်။

ဖမ်းဆီးထားတဲ့ တရားမဝင်နှစ်လုံးထီ လောင်းကစားပြုလုပ်နေသူ သန်းမင်းနိုင် (ခ) ကြွက်ကလေးနဲ့ ဒေါ်ခိုင်ခိုင်စိုး တို့ကို ညောင်လေးပင်မြို့မရဲစခန်းက လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က)နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

သတင်း – နေလင်းထိုက်

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *