နေ့မြင်ညပျောက် ဖြစ်ခဲ့ရတာများလွန်းနေတဲ့ အမြန်လမ်း

@Facebook

လူတွေကို နေ့မြင်ညပျောက်ဖြစ်ခဲ့ရတာများလွန်းနေတဲ့ အမြန်လမ်းရဲ့ အန္တရာယ်လျော့ပါးအောင် ဘယ်လိုထိထိရောက်ရောက်လုပ်ကြမလဲ

ရင်းနီးခင်မင်ခဲ့ရတဲ့ နိုင်ငံခြားသတင်းထောက်များအသင်းမှာ တစ်ခါက လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့ဖူးတဲ့ နိုင်ငံခြားသတင်းထောက်ဟောင်း ကိုအောင်သူမြိုင် ဒီကနေ့ ညနေမှာ ကားမတော်တဆမှုနဲ့ ကွယ်လွန်တယ်လို့ ဆရာဦီးအောင်လှထွန်း(ပြန်ကြားရေးဒုဝန်ကြီး) ရဲ့ ဖေ့စ်ဘုတ်ခ်ပို့စ်မှာဖတ်လိုက်ရ တော့ အတော်တုန်လှုပ်သွားတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်၂၁၉ ၇မိုင်နဲ့ ၂၂၀ အကြားမှာ ဒီကနေ့ မွန်းလွဲ ၂နာရီ ၅၀မိနစ်မှာ ဖြစ်တာပါ။ သူကိုယ်တိုင်မောင်းလာတဲ့ကားက ရှေ့ဘီး ပေါက်ပြီး လမ်းဘေးက Guard rail တန်းကိုဝင်တိုက်မိတယ်။တစ်ပတ်လည်ပြီးရပ်သွားတယ်။ ညနေ ငါးနာရီလောက်မှာ ဆေးရုံမှာကွယ်လွန်အနိစ္စရောက်ရရှာတယ်။ ဒီသတင်းအတွက်အတော့်ကိုစိတ် မကောင်းဖြစ်မိတယ်။

သိပ်မကြာသေးခင်ကပဲ အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ သတိပေးချက်ကို ပြန်သတိရလာတယ်။ အဲဒီသတိပေးထုတ်ပြန်ချက်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျောက် မတော်တဆမှုအများဆုံး ဖြစ်ပွားတဲ့နေရာတွေကိုဖော်ပြထားတယ်။

@Facebook

ရန်ကုန်-နေပြည်တော်အပိုင်းမှာ မိုင်တိုင်(၁၆)၊(၅၃)၊(၇၉)၊ (၈၅)၊ (၁၄၂)၊(၁၅၃)၊(၁၇၀)နှင့် (၁၉၅) တို့ ဖြစ်ပြီး နေပြည်တော်-မန္တလေးအပိုင်းမှာ မိုင်တိုင်(၂၁၈)၊(၂၄၃)၊(၃၁၄)၊(၃၂၂)၊(၃၂၇)၊(၃၄၁)နှင့် (၃၅၂) တို့ ဖြစ်ကြပါတယ်။

လမ်းအနေအထားအရ အရှိန်လျှော့မောင်းရမည့်နေရာတွေကတော့ ရန်ုကုန်-နေပြည်တော်အပိုင်းက မိုင်တိုင်(၁၅)၊(၅၈)၊(၆၉)၊(၇၁)၊ (၈၂)၊(၈၅)၊(၁၁၃)၊(၁၄၆)၊(၁၄၉)၊ (၁၇၂)၊(၁၇၄)နဲ့ နေပြည်တော်-မန္တလေးအပိုင်းက မိုင်တိုင်(၂၃၃)၊(၃၂၅)တို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

ကိုအောင်သူမြိုင်ရဲ့ကားမတော်တဆဖြစ်တဲ့နေရာက မိုင်တိုင်၂၁၉/၇ မိုင်ဆိုတော့ သတိပေးထားတဲ့ အထဲမှာပါနေတဲ့ မိုင်တိုင်၂၁၈ အနားမှာဖြစ်နေတာကို တိုက်တိုက်ဆိုင်ဆိုင်သိလိုက်ရတယ်။

တစ်နှစ်တစ်နှစ်ကို ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆမှုကြောင့်သေဆုံးကြရတဲ့ သူတွေကနည်းမှမနည်းတာ။ နှစ်အလိုက်သေဆုံးကြရသူတွေကို စတင်ထုတ်ပြန်စဉ်က ထောင်ဂဏန်း တွေ့လိုက်ရလို့ အံအားသင့်သွားရတယ်။ ကိုးကားရေးသားတဲ့ ပြည်တွင်းမီဒီယာတွေကလည်း အဲဒီ အတိုင်းပဲရေးထားတယ်။ အခုဒီစာရေးမလို့ပြန်ကြည့်လိုက်တော့ အမြန်လမ်းရဲတပ်ဖွဲမှူးရုံးရဲ့ သတင်း ထုတ်ပြန်ချက်မှာ အဲဒီကိန်းဂဏန်းမတွေ့ရတော့ဘူး။ ပြည်တွင်းမီဒီယာအချို့ကိုပြန်ကြည့်လိုက်တော့ သေဆုံးသူ ရာဂဏန်းပြန်ဖြစ်သွားတာတွေ့ရတယ်။ ထားပါတော့။

@Facebook

ကမ္ဘာပေါ်မှာ တစ်နှစ်ကို ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၁.၂၅သန်းခန့်သေဆုံးကြရတယ်။ တစ်ရက်တစ်ရက်ကို လူပေါင်း ၃၂၈၇ဦးသေဆုံးကြရတဲ့သဘောပဲဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရ၊ မသန်စွမ်းဖြစ်သွားကြရသူတွေဟာ စုစုပေါင်းဟာ တစ်နှစ်ကို လူသန်းပေါင်း၂၀ ကနေ ၅၀သန်းအထိ ရှိနေတယ်လို့လည်းသိရပါတယ်။
ဘိုအင်း ၇၄၇ လေယာဉ်တစ်စီးဟာ ပျှမ်းမျှအားဖြင့် ခရီးသည် ၅၀၀ခန့်တင်ဆောင်ပျံသန်းနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ တစ်ရက်ကို ယာဉ်မတော်တဆမှုကြောင့်သေဆုံးရသူတွေဟာ ဘိုအင်း ၇၄၇ လေယာဉ်ကြီး (၇)စီးပျက်ကျတာနဲ့အတူတူပဲဖြစ်နေတယ်။ အဲဒီလိုသာ နေ့တိုင်းလေယာဉ်ပျက်ကျရင် လူတွေလေယာဉ်စီးရဲမှာမဟုတ်တော့ပေမယ့် ကားမတော်တဆမှုတွေဖြစ်နေလည်း လူတွေကားတွေ စီးနေကြရ၊မောင်းနှင်ကြရတာပဲဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာ ယာဉ်မတော်တဆမှုကြောင့်သေဆုံးခဲ့ရတဲ့နိုင်ငံတွေထဲမှာ မြန်မာက နံပါတ် (၄)ချိတ်တယ်။ ထိပ်ဆုံးက ထိုင်းနိုင်ငံဖြစ်ပြီး လူတစ်သိန်းမှာ ၃၂.၇ဦးသေဆုံးနေကြရတယ်။ ဒုတိယက ဗီယက်နမ်ဖြစ်ပြီး ၂၆.၄ ၊ တတိယက မလေးရှားဖြစ် ပြီး ၂၃.၆ဖြစ်ပါတယ်။ မြန်မာက အဆင့်(၄) လူတစ်သိန်းမှာ ၁၉.၉ဦးဟာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးကြရတာပါ။ ထိုင်းရဲ့စာရင်းမှာ ၇၄ ရာခိုင်နှုန်းက မော်တော်ဆိုင်ကယ်ကြောင့်သေကြရတာ။ကျန်တဲ့နိုင်ငံတွေမှာလဲအလားတူပဲ။ ဆိုင်ကယ်ကိုအရူးအမူးစွဲလန်းကြတဲ့ ဗီယက်နမ်မှာလည်း အများဆုံးသေကြရတာဆိုင်ကယ်ကြောင့်ပဲ။ ဒါတွေကိုသိလို့ ဆိုင်ကယ်နှင့်ပတ်သက်တဲ့ စည်းကမ်းတွေတင်းကျပ်နေရချိန်မှာ ဟိုတလောက ရန်ကုန် အချို့နေရာတွေမှာ ဆိုင်ကယ်ပြန်စီးခွင့်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်အချို့ တိုက်တွန်းကြ တာဖတ်ရတော့ ဘာပြန်ပြောရမှန်းမသိဖြစ်သွားရတယ်။ လူပြိန်းကြိုက်အလုပ်တွေ အစား တစ်ခုခုဆို ရင် ထောင့်ပေါင်းစုံစဉ်းစားပြီးမှ ပြောဆိုကြစေချင်ပါတယ်။လေ့လာမှုအားကောင်းစေချင်ပါတယ်။ မြန်မာနောက်က ကမ္ဘောဒီးယား၊လာအို၊ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ နောက်ဆုံးက စင်္ကာပူပဲဖြစ်ပါတယ်။

ဒါတွေ‌ပြောနေရတာက မြန်မာနိုင်ငံဟာ ဒေသတွင်းမှာကို ယာဉ်မတော်တဆမှုကြောင့်သေဆုံးမှု မြင့်မားနေတယ်ဆိုတာပါ။ အထူးသဖြင့် ရန်ကုန်-မန္တလေးလမ်းမကြီးဟာ မြန်မာနိုင်ငံအတွက် အထူး အရေးပါတဲ့ အမြန်လမ်းမကြီးတစ်ခုဖြစ်ပါတယ်။ အဲဒီလမ်းမှာ သွားလာနေကြတဲ့ ခရီးသည်တွေဟာ အများအပြားပါ။ ပြည်တွင်းလေယာဉ်ခတွေက ဈေးကြီးနေပါတယ်။(ဈေးကြီးတာတောင် အမြဲတမ်း ပြည့်နေလို့ လေယာဉ် လက်မှတ်ရဖို့က ခက်နေသေး)။တနင်္ဂနွေဆိုရင် နိုင်ငံပိုင်လေယာဉ်ကပဲ နေပြည်တော်ကို ပျံသန်းသတဲ့။ ရန်ကုန်-နေပြည်တော် အမြန်ရထားလမ်း(ကျည်ဆန်အဆင့်မပြော ပါ) ကလည်း အိပ်မက်အဆင့်ဘဲရှိနေသေးတော့ လူတွေက ဒီအမြန်လမ်းကိုပဲ အားကိုးနေကြ ရတာပါ။

@Facebook

ကျွန်တော်ဒီအမြန်လမ်းကခရီးသွားမယ်ဆိုရင် ဇနီးက တစ်ရက်ကြိုပြီး ဝပ်ရှော့ပြတယ်။ ကားဘီး တွေစစ်ပေးတယ်။ လေပေါင်ပြန်ချိန်ပေးတယ်။ ကားမောင်းတဲ့ဆရာကိုလည်း ကျွန်‌တော်က အနားကနေ ဖြည်းဖြည်းနော်လို့အမြဲပြောပေးနေရတယ်။ အဖွဲ့လိုက်သွားတဲ့အချိန်တောင် ကျန်သူတွေအိပ်ငိုက်နေ ချိန်မှာ ကျွန်တော်က မငိုက်အားပဲ ကားသမားကို သတိပေးလိုက်၊သူအိပ်မငိုက်အောင်စကားပြော လိုက်လုပ်ပေးနေရတယ်။ ကားကနောက်ဆုံးပေါ်မဟုတ်တော့ အရှိန်သတိပေးကိရိယာမပါဘူး။ အဲ ဒါကြောင့်ပြီးခဲ့တဲ့အပတ်က နေပြည်တော်အသွားလမ်းမှာပဲ speedometer ဆိုတဲ့ အက်ပလီကေးရှင်း ကို ကိုယ့်မိုဘိုင်းလ်ဖုန်းထဲ သွင်းလိုက်ပြီး အမြင့်ဆုံးအမြန်နှုန်းကို မိုင်၆၀ သတ်မှတ်လိုက်တယ်။ အဲဒီ အက်ပလီကေးရှင်းက အင်တာနက်မလိုဘဲ ဂျီပီအက်စ်နဲ့အလုပ်လုပ်ပါတယ်။ ကားအမြန်နှုန်းကို အနီး စပ်ဆုံး မိုဘိုင်းလ်ဖုန်းက အဲဒီအက်ပလီကေးရှင်းမှာပြပါတယ်။ မိုင်(၆၀) ဆက်တင်လုပ်ထားတော့ ကားက မိုင်၆၀ကျော်တာနဲ့ အချက်ပေးသံက ဖုန်းမှာမြည်ပါလေရော။ ဟေ့ အရှိန်လျှော့ကွ၊အရှိန် လျှော့လို့ ကားမောင်းသူကို နောက်ကနေလှမ်းပြောရတယ်။ သူကစိုးရိမ်ကြီးရန်ကောသဘောနဲ့ ပြန် ရယ်တာတောင်ခံလိုက်ရသေးတယ်။

အမြန်လမ်းမှာကားမောင်းရင် ကားအရှိန်က တဖြည်းဖြည့်မြင့်လာတတ်တာသဘာဝပါ။ အရှိန်ပြတဲ့ အက်ပလီကေးရှင်းမှာ ကားအရှိန်ကရုတ်ချည်းနှေးသွားရင်လည်း လမ်းအခြေအနေကြောင့်မဟုတ်ရင် ကားဆရာ အိပ်ငိုက်နေတာသေချာသလောက်ပါ။ အိပ်ငိုက်ရင် လီဗာကိုဖိအားက အလိုလိုလျော့ သွား တာကိုး။အဲဒီတော့ ကားအရှိန်ကိုသတ်မှတ်မိုင်နှုန်းထက်ပိုမမောင်းဖို့လိုပါတယ်။

နောက်တစ်ခုက တာယာတွေရဲ့ကြံ့ခိုင်ရေးနဲ့လေပေါင်တွေမှန်ဖို့ပါ။ အမြန်လမ်းက ကတ္တရာ လမ်း မဟုတ်ပါဘူး။ ကွန်ကရစ်လမ်းပါ၊ တာရာတွေအတွက်ပွတ်အားပိုများပါတယ်။ ပျက်စီးမှုပိုမြန်စေ တယ်။ ပွတ်အားကြောင့်ပဲ အတွင်းလေပေါင်တွေပိုတက်လာစေပါတယ်။ အဲဒါကြောင့် ခရီးမထွက်ခင် ကားတာယာကိုသတိထားပါ။သက်တမ်းလွန်တာယာတွေနဲ့ တာယာပန်းသားတွေပျက်စီးနေပြီလား၊ ပါးနေပြီလား စစ်ပါ။ စိတ်မချရရင် အဲဒီတာယာနဲ့ လုံးဝခရီးမသွားပါနဲ့။ အဝေးပြေးဘတ်စ်ကားစီးမယ် ဆိုရင်လည်း အဲဒီကားရဲ့တာယာတွေကိုကြည့်ပါ။ စိတ်မချရဘူးထင်ရင် ကားလိုင်းကို complaint တက်ပါ။

ကိုယ်တိုင်ကားမောင်းရင်ပဲဖြစ်ဖြစ်၊ အခြားသူကမောင်းရင်ပဲဖြစ်ဖြစ် ယာဉ်မောင်းအိပ်မငိုက်ဖို့အတွက် အစားကို အဝအပြဲမစားပါနှင့်၊ မစားခိုင်းပါနှင့်။ ဒီနေရာမှာ ရယ်စရာတစ်ခုပြောပြပါဦးမယ်။ တစ်ခါ တုန်းက ကျွန်တော်နေပြည်တော်ခရီးသွားတော့ လမ်းမှာ ကားဆရာနဲ့အတူနေ့လယ်စာစားတော့ သူက ငါးသလောက်ပေါင်းဟင်းမှာတယ်။ ကျွန်တော်က အခြားမှာပါလို့တားရတယ်။ ငါးသလောက်က အိပ်ငိုက်တတ်လို့စိတ်ပူတာ။ ပြီးတော့ ထမင်းလိုက်ပွဲထပ်မှာရင်လည်း တော်ပါကွာ၊ရန်ကုန်ပြန်ရောက် ရင် အဝကျွေးပါမယ်လို့ပြောမိတယ်။ စိတ်ခုလည်းမတတ်နိုင်ဘူး။ အန္တရာယ်ကင်းဖို့ကအရေးကြီးပါ တယ်။

@Facebook

ပြီးတော့ အမြန်လမ်းတာဆိုတယ် ဆိုင်ကယ်တွေက ဟောတစ်စီး ဟောတစ်စီး၊ပြောင်းပြန်မောင်းတာ တွေတောင်ရှိသေး။ အရေးယူနေပါတယ်လို့ပြောတယ်။ သိပါတယ်။သို့သော်လုံလောက်မှုမရှိသေးပါ။ ထိရောက်မှုမရှိသေးပါ။ ဆိုင်ကယ်တက်စီးတဲ့သူတွေထဲမှာ ဌာနဆိုင်ရာအချို့နဲ့ အဖွဲ့အစည်းအချို့ပါ တွေ့နေရတော့ ဘယ်လိုပြောရမှန်းတောင်မသိ။

အမြန်လမ်းရဲတပ်ဖွဲ့က ကြေငြာချက်မှာ မတော်တဆမှုအများဆုံးဖြစ်တဲ့ မိုင်တိုင်တွေကိုဖော်ပြထား တယ်။ အဲဒီနေရာတွေမှာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ ပါသင့်တယ်ထင်တယ်။ Whatနဲ့ မလုံလောက်၊ Whyကိုပြောရမယ်။ ခဏခဏဖြစ်တယ်ဆိုရင်တော့ ယာဉ်မောင်းကြောင့်မဖြစ်လောက်ဘူး။ အဲဒီနေရာ ရောက်ရင် ယာဉ်မောင်းတိုင်း အိပ်ငိုက်မှာတော့ မဖြစ်လောက်ဘူး။ လမ်းအခြေအနေနဲ့ ဒီဇိုင်းကြောင့် လို့ထင်တာပဲ။ ခဏခဏယာဉ်မတော်တဆဖြစ်တဲ့နေရာတွေသိပြီဆိုရင် How ဆိုတဲ့ ဘယ်လိုပြုပြင်ရ မယ်ဆိုတဲ့ actionလုပ်ဆောင်မှုပါလိုအပ်ပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်း အသေးစိတ်ပြန်လည်ဆန်းစစ်ပြီး ပြုပြင်ပြောင်းလဲလုပ်ဆောင်ရမယ့် အချက်တွေကို လုပ်ဆောင်ရပါမယ်။ လုပ်နေတာတွေရှိကောင်းရှိနိုင်ပါတယ်။ လုံလောက်မှုမရှိသေး လို့ထင်ပါတယ်။ ကျွန်တော်က ဒီကိစ္စကို ဦးစားပေးအဆင့်ထဲထားပြီးလုပ်စေချင်တာပါ။

အမြန်လမ်းကိစ္စရေးမယ်ကြံလိုက် အာရုံကတစ်ခြားပြောင်းသွားပြီးမရေးဖြစ်လိုက်ရှိနေခဲ့တာ မိတ် ဆွေကြီး ကိုအောင်သူမြိုင်ဆုံးပါးတာသိရတော့မှ မရေးမဖြစ်တော့ဘူးဆိုပြီး စာရေးစားပွဲမှာ တစ်ထိုင် တည်းချရေးဖြစ်လိုက်တာပဲဖြစ်ပါတယ်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ထိထိရောက်ရောက် အာရုံစိုက်လုပ်ပေးမယ့် နိုင်ငံတော်အဆင့် အဖွဲ့အစည်းကြီးတစ်ခုရှိစေချင်ပါတယ်။ကော်မတီများကို မဆိုလိုပါ။ ကော်မတီတွေရဲ့သဘောက ဌာနဆိုင်ရာပေါင်းစုံပါတယ်။ အဲဒီလူတွေပဲ ဟိုကော်မတီမှာလည်းပါ၊ဒီကော်မတီမှာလည်းပါဆိုတော့ ထိရောက်မှုမရှိလို့မြင်လို့ဖြစ်ပါတယ်။ ဆရာကြီးဒေါက်တာအောင်ထွန်းသက်ပြောသလိုပြောရရင် Everybody Job is nobody job ဖြစ်နေလို့ပါ။ လူတိုင်းရဲ့အလုပ်ဟာ ဘယ်သူရဲ့အလုပ်မှမဟုတ်တာ ဖြစ်တတ်လို့ပါ။

@Facebook

မတော်တဆမှုတွေကို အများကြီးလျှော့ချပေးနိုင်တဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးဖြစ်ဖို့ ထိထိ ရောက်ရောက်၊အာရုံစူးစိုက်ပြီး ဦးစားပေးလုပ်ဆောင်ပေးပါလို့ တိုက်တွန်းမေတ္တာရပ်ခံအပ်ပါတယ်။

၁၁ အောက်တိုဘာ ၂၀၁၉ (အမြန်လမ်းယာဉ်မတော်တဆမှုကြောင့်ကွယ်လွန်သွားရှာသော ကိုအောင်သူမြိုင်အတွက် ဝမ်းနည်းမှတ်တမ်းပါ။ ကိုအောင်သူမြိုင် ကောင်းရာသုဂတိလားပါစေ)

Aung Myittar