မြန်မာစကားဟာ တခြားဘာသာစကားတွေထက် ဘယ်လောက်ထိ ကြွယ်သလည်းဆိုရင်

@Facebook

” ကွယ်ပျောက်လုနီးပါး မြန်မာ စကားလုံးများ “

အင်္ဂလိပ်စကားမှာ brother ဘရားသားလို့ ဆိုရင် ညီလား? အကိုလား ?

sister စစ်စတာလို့ဆိုရင် ညီမလား? အစ်မလား? နှစ်မလား? ခွဲခြားလို့မရပါဘူး။

မြန်မာစကားမှာ အစ်ကို၊ ညီ၊ နှစ်မ၊ ညီမ၊ အစ်မ လို့ခေါ်လိုက်တာနဲ့ အကြီးအငယ် တစ်ခါတည်းခွဲခြား သိနိုင်ကြပါတယ်။

ယောင်္ကျားလေးနှစ်ယောက်မှာ ကြီးသူကို “အကို” ငယ်သူကို “ညီ”ပေါ့။

ယောင်္ကျားလေးရဲ့ အထက်က မိန်းကလေးကို ” အစ်မ ” ငယ်သူကို “နှစ်မ”ပေါ့။

မိန်းကလေးရဲ့ အထက်က ယောင်္ကျားလေးကို “အကို” အောက်ကသူကို “မောင် “ပေါ့။

မိန်းကလေးချင်းအထက်ကသူဆို “အစ်မ” အောက်ကငယ်သူဆို ” ညီမ ” လို့သုံးနှုန်းပါတယ်။

ညီအစ်ကို၊ ညီအစ်မ၊ မောင်နှမ စတဲ့အသုံးအနှုန်း တွေရှိခဲ့တာကြောင့် ” ညီမ “ဆိုတာမိန်းကလေးချင်း တော်စပ်မှုအသုံးစကားပါ။

@Facebook

ယောကျ်ားလေးက ကိုယ့်အောက်ငယ်သူ မိန်းကလေးကို ” နှစ်မ ” လို့သာသုံးစွဲရ မှာဖြစ်ပေမယ့် အခုတော့
” သူက ကျွန်တော်ညီမပေါ့ ” “ကျွန်တော့်ညီမလေး” လို့သုံးနေကြပါတော့တယ်။ အစ်ကိုကအလိုလို မိန်းမလျာဖြစ်သွားပါရော။

တစ် ဖြည်းဖြည်းနဲ့ ” နှစ်မ “ဆိုတဲ့စကားလုံးပျောက်ကွယ်လုနီးဖြစ်ရပါတော့တယ်။

ဘာသာစကားဆိုတာ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားလာလေ၊ ဝေါဟာရတွေ တိုးပွားစည်ပင်လာရမယ့် အစား ရှိရင်းစွဲ
စကားလုံးတွေတောင် လုံးပါးပါးလာပါတယ်။

အင်္ဂလိပ်စကားမှာ Uncle , Aunty ဆိုရင်ဦးလေး အဒေါ်သာသိရပြီး ဘယ်ဘက်ကဘယ်လိုတော်စပ်မှန်းမသိရပါဘူး။
မိမိရဲ့မိဘများထက်အကြီးလား အငယ်လားမခွဲခြားနိုင်ပါဘူး။

မြန်မာစကားမှာတော့
အဖေ့ရဲ့အကိုဆိုရင် “ဘကြီး”၊
အမေ့ရဲ့အကိုဆိုရင် “ဦးကြီး”၊
အဖေ့ရဲ့ညီဆိုရင် “ဘထွေး”။
အမေ့ရဲ့မောင် ဆိုရင် “ဦးလေး ”
အဖေ့ရဲ့အမဆိုရင် ” အရီးကြီး “။
အမေ့ရဲ့အမကို “ကြီးတော်(ဂျီးဒေါ်)”
အဖေ့ရဲ့နှမကို “အရီးလေး”။
အမေ့ရဲ့ညီမကို “ထွေးလေး(ဒွေးလေး) ”
စသဖြင့် စကားလုံး တစ်လုံးချင်းစီမှာ တော်စပ်ပုံ
အကြီး အငယ် ခွဲခြားထားပြီးသား ဆွေမျိုးစပ်ပြထားပြီးသားဖြစ်ပါတယ်။

ခုအခါမှာတော့ အဲ့ဒီလိုစကားလုံးဝေါဟာရ
တွေ ပျောက်ကွယ်လုနီးပါး၊ အသုံးပြုသူရှားပါး
လာသလို တော်စပ်ပုံအခေါ်အဝေါ် ကအစ သိသူ
ပါးရှားလာလို့ တကူးတကမေးကြည့်မှသာ ဘယ်လို
တော်စပ်ကြောင်း သိနိုင်ပါတော့တယ်။

အင်္ဂလိပ်စကားမှာ
father in law, son in law
စသဖြင့်ယောက္ခမ၊ သမက်၊ ချွေးမ ကိုလည်း
‘in law’ ပဲ။

သမီးယောက်ဖ၊ သမီးယောက်မကိုလည်း
brother in law, sister in law စသဖြင့်
တစ်မိသားနဲ့တစ်မိသားစုံဖက်ကြရာမှာ
‘in law’ ကိုသာ
ရေလဲနဲ့သုံးစွဲကြပါတယ်။

မြန်မာဘာသာစကားမှာ တော့ “ခမည်းခမက်” “လင်ညီအမ” “မယားညီအကို” စတဲ့ သီးခြားသတ်မှတ်ထားတဲ့အခေါ်အဝေါ်တွေအပြည့်အစုံရှိသလို ကြားလိုက်ရုံနဲ့ တော်စပ်မှုကိုလည်း တန်းကနဲသိရပါတယ်။

မိန်းကလေးတစ်ယောက်က သူ့ခင်ပွန်းရဲ့အကိုကို ” ခဲအို” လို့ခေါ်ဝေါ်ပြီးခင်ပွန်းရဲ့ ညီကို ” မတ် ” လို့ခေါ်ပါတယ်။

အဲဒီလိုပဲ ယောင်္ကျားလေး တစ်ယောက်ကလည်းဇနီးရဲ့အမကို “မရီး ” ညီမကို ” ခယ်မ “လို့ ခွဲခြားခေါ်ဖို့ဝေါဟာရ သတ်မှတ်ပြီးသားဖြစ်ပါတယ်။

စကားလုံးပါးရှားလာသလို အမြီးအမောက်မတည့် မဆီလျော်တဲ့ အသုံးအနှုန်းတွေသာ ပြောဆိုလျက်ရှိပါတော့တယ်။

ကလေးငယ်တွေက အစ်ကို အရွယ်အမအရွယ်ကြီးသူကို ဖြူဖြူ ဆိုရင် မဖြူ၊ ဝါဝါဆို မဝါပဲ။ မကြီးဖြူ၊ မမဝါ စသဖြင့်အသုံးနည်းလာသလို အကိုအရွယ် ဦးအရွယ်ကျ ဦးဖြူ ဦးနီ ပဲခေါ်ကြတယ်။ ဦးကြီးဖြူ ဦးလေးနီ စတဲ့အသုံးအနှုန်းမျိုးရှားပါးလာပါတယ်။

ကလေးအရွယ် လေး ငါးနှစ်သားအရွယ် မို့ သူတို့ကိုယ်သူတို့“သားကလေ၊ သမီးကလေ”လို့ပြောတာ အင်မတန်နားဝင်ချို.
လှပေမယ့်တက္ကသိုလ်ကောလိပ်ကျောင်းသားကျောင်းသူအရွယ်ကြီးတွေက” သား က၊ သမီး က” နဲ့ပြောပြော
နေကြပုံကတော့ တယ်ပြီး နားမသာမယာရှိလှပါတယ်။

အင်မတန်ကြွယ်ဝ တိကျလှတဲ့ မြန်မာစကားလုံးဝေါဟာရ တွေကို တဖြည်းဖြည်းအသုံးပြုမှု့နည်းပါးလာခြင်းက ခေတ်ရဲ့တောင်းဆိုမှုကြောင့်လား ?

ကျွန်ပ်တို့ရဲ့ပျင်းရိမှု့ ဆုံးမသွန်သင်ညွှန်ပြနိုင်မှု နည်းပါးမှု ကြောင့်လားဆိုတာအဖြေရှာဖို့သင့်ပါတယ်။

မြန်မာ ဝေါဟာရအသုံးအနှုန်းတစ်ချို့ကတော့ကွယ်ပျောက်တိမ်ကောနေပြီ ဆိုတာ အသေအချာပါပဲ။

စာကိုး ။ လူထုစိန်ဝင်း၏ နန်းစကားမန်းစကားမြန်မာတို့ရဲ့မြန်မာစကားစာအုပ်။

လူထုဦးလှ၏သောင်းပြောင်းထွေလာ
ရေးချင်ရာရာ ဒုတိယတွဲ