Sponsored

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသားတွေကို ၃ ရက်အတွင်း အထူးလေယာဉ်နဲ့ မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်လည် ခေါ်ယူသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်ဇံက “အစောဆုံးတော့ ၃ ရက်အတွင်း နဲ့ ၄ ရက်လောက်အတွင်းတော့ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ စီမံချက်တွေဘာတွေလုပ်နေပြီ။ အဖြစ်နိုင်ဆုံးနဲ့ အစောလျင်ဆုံးကတော့ ဒီနေ့နဲ့ မနက်ဖြန်၊ အစောဆုံးကတော့ မနက်ဖြန်လောက်ကတော့ အစောဆုံးလည်းဖြစ်နိုင်တယ်။ ဒီထက်မက နောက်ကျမယ်ဆိုလည်း ၃ ရက်လောက်အတွင်းတော့ ဖြစ်နိုင်ပါတယ်။ လက်ရှိကတော့ တရုတ်နိုင်ငံဘက်နဲ့လည်း ညှိနေတယ်။ ဒီဘက်က ဝန်ကြီးဌာနတွေနဲ့လည်း ညှိနေတယ်။ သွားမယ့် လေယာဉ် အမျိုးအစား၊သူတို့ပြန်လာရင်ဆောင်ရွက်ပေးရမယ့် ကျန်းမာရေးစောင့်ရှောက်မှု အစီအမံ အဲ့တာတွေအတွက် ညှိနှိုင်းနေပါတယ် ” လို့ ပြောပါတယ်။

Getty Images

အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ပိုး ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံ ဟူပေပြည်နယ်က ဝူဟန်မြို့မှာ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသား ၆၃ ဦးရှိနေပါတယ်။

Sponsored

ဒီကျောင်းသား ၆၃ ဦးကို အထူးလေယာဉ်နဲ့ ပြန်လည်ခေါ်ယူဖို့အတွက် အစိုးရ အကြီးအကဲတွေက ခွင့်ပြုပေးထားပြီး လက်ရှိမှာတော့ တရုတ်နိုင်ငံဘက်က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။

ဝူဟန်နည်း ပညာတက္ကသိုလ်မှာ Environmental Engineering & Science ဘာသာသင်ယူနေတဲ့ မြန်မာကျောင်းသား ကိုစည်သူထွန်းကတော့ အစိုးရက ပြန်ခေါ်မှာကို ဝမ်းမြောက်ဝမ်းသာကြိုဆိုတယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

ဒီသံရုံးကော၊ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကရော သူတို့အလုပ်လုပ်တယ်ပေါ့နော်။ တော်တော်လေးဝမ်းသာပါတယ်။ ကျနော်တို့ကို ပြန်ခေါ်မယ်ဆိုတဲ့အတွက် အရမ်းပျော်တာပေါ့။ ဘာလို့လဲဆိုတော့ ဒီဟာကြီးက ကျနော်တို့က လုံးဝအန္တရာယ်ရှိနေတဲ့ အခြေအနေကြီးပေါ့နော်။ ဒီလိုအခြေအနေမျိုးကနေပြီးတော့ ကျနော်တို့ မိသားစုတွေနဲ့ ပြန်တွေ့ရမယ်။ ပြီးတော့ ဒီကိုယ့်မွေးဖွားရာ နိုင်ငံကို ပြန်ရမယ်ဆိုတော့ တကယ်ကြီးကို လှိုက်လှိုက်လှဲလှဲ ဝမ်းသာပါတယ်။

ဝူဟန်က မြန်မာကျောင်းသားတွေ မြန်မာနိုင်ငံအတွင်းကို ပြန်လည်ရောက်ရှိလာပါက နှစ်ပါတ်လောက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ၊ စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှသာ မိဘတွေထံကို ပြန်လည်စေလွှတ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဖြိုးသက်ပိုင်မြင့် ( နေပြည်တော်)

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *