Sponsored

ပြည်ပရောက်မြန်မာနိုင်ငံသားများ၊ နိုင်ငံသားဟောင်းများ နိုင်ငံအတွက်အကျိုးပြုလိုက သက်ဆိုင်ရာ သံရုံးအသီးသီးကိုဆက်သွယ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ၊နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်က တရားဝင်စာဖြင့် ဖိတ်ခေါ်လိုက်ကြောင်းသိရသည်။

နိုင်ငံတော်သည် ပြည်ထောင်စုငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထာင်စုတည်ဆောက်ရေး၊ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ပြည်သူပြည်သားများ၏စုပေါင်းအားဖြင့်တည်ဆောက်နေရာ ထိုတည်ဆောက်မှုထဲပါဝင်နိုင်ရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ရှင်းပြသည်။

ယင်းအပြင် နိုင်ငံတော်အတိုင်ပင်ခံအနေဖြင့် ပြည်ပခရီးစဉ်များအတွင်း မြန်မာနိုင်ငံသားများနှင့် နိုင်ငံသားဟောင်းများနှင့်တွေ့ဆုံစဉ် နိုင်ငံတော်၏အကျိုးပြုလုပ်ငန်းများတွင် မိမိတို့၏တတ်သိကျွမ်းကျင်သည့် ပညာ၊အတွေ့အကြုံများဖြင့် တတ်အားသမျှကူညီပံ့ပိုးရန် ဖိတ်ခေါ်မှုပြုခဲ့ပြီး၊နိုင်ငံသားဟောင်းများကလည်း ပါဝင်အကျိုးပြုနိုင်ရန်ကမ်းလှမ်းမှုများရှိခဲ့သည့်အတွက် ယခုကဲ့သို့စာဖြင့် တရားဝင်ဖိတ်ခေါ်လိုက်ခြင်းလည်းဖြစ်သည်ဟုသိရသည်။

Sponsored

နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်အဖွဲ့အတွင်းရေးမှူး ဦးအောင်ကျော်ဇံက “မနေ့ကပဲ စာထုတ်လိုက်ပါတယ်။ဖိတ်ခေါ်စာကို။ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဆိုဒ်၊ပြီးတော့ ပြည်ပမှာရှိတဲ့ မြန်မာသံရုံးအားလုံး၊ကောင်စစ်ဝန်ရုံးအားလုံးကနေ ဖိတ်ခေါ်တာဖြစ်ပါတယ်။ဒါဟာ အစိုးရသစ်လက်ထက် တရားဝင်စာနဲ့ ပထမဦးဆုံးဖိတ်ခေါ်မှုဖြစ်ပါတယ်။သံရုံးအားလုံးကနေ ကြေညာအသိပေးသွားမှာဖြစ်ပါတယ်“ဟု ပြောသည်။

လျှောက်ထားလိုသူသည် ဖြည့်စွက်ရမည့် လျှောက်လွှာပုံစံဖြင့်ဆန္ဒပြုလျှောက်ထားရမည်ဟု သိရပြီး၊လျှောက်ထားပေးပို့ရမည့် အီးမေးလ်နှင့်ဆက်သွယ်ရမည့်ဖုန်းနံပါတ်နှင့်တာဝန်ရှိပုဂ္ဂိုလ်တို့၏အမည်များကိုလည်း မြန်မာသံရုံးအသီးသီးက ကြေညာမည်ဟုသိရသည်။

Source:  နိုင်ငံခြားရေးဝန်ကြီးဌာန

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *