Sponsored

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ဖို့ မြန်မာကိုလာရောက်မယ့် ခရီးသွားတွေအပေါ် ထပ်တိုးကန့်သတ်ချက်တွေကို မြန်မာအစိုးရက ယမန်နေ့ မတ်လ ၂၀ ရက် ညပိုင်းမှာ ကြေညာလိုက်ပါတယ်။

ပြည်ဝင်ခွင့် ထပ်ကန့်သတ်ခဲ့တဲ့ နိုင်ငံတွေကတော့ အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ နယ်သာလန်၊ သြစတီးယား၊ ဘယ်လ်ဂျီယံ၊ နော်ဝေ၊ ဆွီဒင်နဲ့ ဒိန်းမတ်တို့ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါလက္ခဏာတွေမရှိကြောင်း ကျန်းမာရေးထောက်ခံစာ ပြဖို့လို

အခု ထပ်တိုးကန့်သတ်လိုက်တဲ့ ကိုးနိုင်ငံဟာ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးမှုတွေရှိနေပြီး သက်ဆိုင်ရာနိုင်ငံအသီးသီးမှာ အဝင်အထွက် ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ထားရတဲ့နိုင်ငံတွေဖြစ်ပါတယ်။

Sponsored

အဲဒီနိုင်ငံတွေမှာ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း နေထိုင်ခဲ့သူတွေနဲ့ အဲဒီကို သွားထားတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် ခရီးသွားတွေအားလုံး မြန်မာကို ရောက်ချိန်မှာ ၁၄ ရက်ကြာ သီးသန့်သတ်မှတ်နေရာမှာ ထားရှိစောင့်ကြည့်မှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်က ဆိုပါတယ်။

အခု ထုတ်ပြန်ချက်အရ ယာယီကန့်သတ်ချက်ဟာ မတ်လ ၂၁ ရက်နေ့မှာ စတင် အကျုံးဝင်တာ ဖြစ်တယ်လို့လည်း ပါရှိပါတယ်။

သံတမန်တွေ၊ ကုလသမဂ္ဂဝန်ထမ်းတွေကတော့ မြန်မာကို ရောက်လာရင် သူတို့ရဲ့ သက်ဆိုင်ရာ နေအိမ်တွေကနေ အပြင်မထွက်ဘဲ ၁၄ ရက်ကြာ သီးသန့်နေထိုင်ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီနိုင်ငံတွေက လာသူအားလုံးအနေနဲ့ မြန်မာကို လာတဲ့လေယာဉ်တွေပေါ်မတက်ခင်မှာ အပူချိန်မြင့်မားတာ၊ ချောင်းဆိုးတာနဲ့ အသက်ရှူမဝတဲ့ လက္ခဏာတွေမရှိဘူးဆိုတဲ့ ကျန်းမာရေးဆေးထောက်ခံစာကိုလည်း ပြသရမယ်လို့ ပါရှိပါတယ်။

ယမန်နေ့ ညပိုင်းကမှ ထုတ်ပြန်တဲ့အဲဒီထုတ်ပြန်ချက်မှာ မြန်မာအစိုးရအနေနဲ့ နိုင်ငံအားလုံးအတွက် ဆိုက်ရောက်ဗီဇာနဲ့ အီလက်ထရောနစ်ဗီဇာ တွေကိုလည်း ဧပြီလကုန်အထိ ယာယီရပ်ဆိုင်းထားတယ်လို့ ပါရှိပါတယ်။

မြန်မာအစိုးရက မတ်လ ၁၅ ရက်ကစလို့ ကိုရီးယား၊ တရုတ်၊ အီတလီ၊ အီရန်၊ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီ စတဲ့ ခုနစ်နိုင်ငံက လာသူတွေကို ပြည်ဝင်ခွင့်ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီမှာ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်နဲ့ ကိုရီးယားနိုင်ငံ ဒယ်ဂူးနဲ့ ဂျောင်ဘွတ်ပြည်နယ်က လာသူတွေကို ပြည်ဝင်ခွင့်မပေးဘဲ အဲဒီနှစ်နိုင်ငံက တခြားဒေသကလာသူတွေကိုတော့ မြန်မာအပါအဝင် ခရီးသွားအားလုံးကို ၁၄ ရက် သီးသန့် စောင့်ကြည့်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကြောင့် မတ်လ ၂၀ ရက်အထိသေဆုံးသူ တစ်သောင်းကျော်၊ ကူးစက်သူ နှစ်သိန်းကျော်ရှိပြီး ကူးစက်သူအများဆုံးက တရုတ်က ဖြစ်ပြီး သေဆုံးသူကတော့ သုံးထောင်ကျော်နဲ့ အီတလီက အများဆုံး ဖြစ်နေပါတယ်။

ရောဂါစတင်ဖြစ်ပွားနေတဲ့ တရုတ်မှာတော့ မတ်လ ၁၉ ရက်မှာ ပြည်တွင်းမှာ ကူးစက်သူအသစ် မရှိတော့ဘူးလို့ တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်က ကြေညာထားပါတယ်။

လောလောဆယ်မှာ ကိုဗစ်-၁၉ ကို ကုသပျောက်ကင်းတဲ့ ဆေးမရှိသေးဘဲ တရုတ်နဲ့ အမေရိကန် သိပ္ပံပညာရှင်တွေကတော့ ပြီးခဲ့တဲ့သတင်းပတ်စလို့ ကာကွယ်ဆေးသစ်နဲ့ လူနဲ့ စတင်စမ်းသပ်ခဲ့ကြပါတယ်။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *