Sponsored

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ပတုပ်ကျေးရွာမှာ မတ်လ ၁၃ ရက်နေ့ညပိုင်းက ယောကျ်ားက ဓားနဲ့ခုတ်တာကြောင့် ဇနီးဖြစ်သူ သေဆုံးခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

ပတုပ်ကျေးရွာရှိ ဧက ၁၀၀ ငါးမွေးမြူရေးကန်မှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၃၅ နှစ် အရွယ် ကျော်အောင်ဆိုသူက ဇနီးဖြစ်သူ အသက် ၂၈ နှစ်အရွယ် မစန္ဒာမိုးကို စကားများ ရန်ဖြစ်ရာမှ ကိုင်းခုတ်ဓားနဲ့ ခုတ်ခဲ့တာကြောင့် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

မိန်းမဖြစ်သူက ကလေး ၃ ယောက်ကို ဆူဆဲနေလို့ အလုပ်ကပြန်လာတဲ့ ယောကျ်ားက မိန်းမ ဖြစ်သူကို ပြောတာကနေ စကားစများတာ၊ ပြီးတော့ ယောကျ်ားဖြစ်သူက ကိုင်းခုတ်ဓားနဲ့ ခုတ်လိုက်လို့ မိန်းမက အဲ့နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့တယ်၊ တရားခံကို ဖမ်းမိထားပါပြီ။ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ။

Sponsored

ဓားနဲ့ခုတ်ခံရတာကြောင့် မစန္ဒာမိုးဟာ လည်ပင်းနဲ့ ညာဘက်ညှပ်ရိုးတို့မှာ ၄ လက်မလောက် ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်ပြီး လူမှုကရုဏာကူညီရေးအသင်း ကားနဲ့ မအူပင်ခရိုင်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး လူသတ်မှုကျူးလွန်ခဲ့သူ အသက် ၃၅ နှစ်အရွယ် ကျော်အောင်ကို မအူပင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေတယ်လို့ မအူပင်မြို့နယ်ရဲတပ်ဖွဲ့ထံက သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *