Sponsored

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအနီးမှာ ငွေကျပ် ၅၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ ထပ်မံသိမ်းဆည်းရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ကွတ်ခိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၁ ရက်အထိ ငွေကျပ် ၃၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ပြီးနောက် အခု ငွေကျပ် ၅၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေ ထပ်မံ သိမ်းဆည်ရမိခဲ့တာပါ။

ဓာတ်ပုံ- CINCDS

မတ် ၃ ရက် မနက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကောင်းခါးရွာရဲ့ အရှေ့ဘက်ရှိ လူမနေတဲ့ အိမ်တလုံးထဲကနေ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၉,၃၆ဝ,ဝဝဝ ပြား၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၄,ဝဝဝ,ဝဝဝ ပြားနဲ့ ဘိန်းဖြူစုစုပေါင်း ၅၂,၈ဝဝ ဂရမ် (မူးယစ်ဆေးဝါး ခန့်မှန်း တန်ဖိုးငွေကျပ် ၄၈ ဘီလီယံကျော်) တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

Sponsored

မတ် ၂ ရက်ကလည်း ကောင်းခါးရွာနဲ့ အနီး လူမနေတဲ့ အဆောက်အအုံတလုံးရှိ စတိုခန်းနဲ့ ဂိုဒေါင်ထဲက မူးယစ်ဆေးဝါးချက်လုပ်ရာမှာ သုံးတဲ့ ၅ ဂါလန်ဆံ့အက်စစ်ပုံး ၂၂၆ ပုံး၊ ဂါလန် ၅ဝ ဆံ့အက်စစ်ကော်ပီပါ ၄၁ လုံး၊ WY၊ R၊ 88/1 တံဆိပ်ပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၃ သိန်းကျော်၊ ဆပ်ပြာခွက် ၃၄ ခွက် ထဲက ဘိန်းဖြူ ၃၄ဝ ဂရမ်၊ ၉၉၉ တံဆိပ်ပါ ဘိန်းဖြူအခဲ ငါးခဲ၊ အဖြူရောင်အမှုန့် တထုပ်၊ စိတ်ကြွဆေးပြား အကြေမှုန့် ၁၅ဝ ဂရမ်လောက်နဲ့ ဆေးပြားရိုက်စက်တလုံးတို့ကို တွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။

ဓာတ်ပုံ- CINCDS

ဒါ့အပြင် လူမနေတဲ့ အဆောက်အအုံ ၂ လုံးထဲကနေ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၇၃ဝ,ဝဝဝ ပြား၊ WY၊ R၊ 88/1 တံဆိပ်ရောရာ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၂၅,ဝဝဝ ပြားနဲ့ ဆူဒိုအက်ဖီဒရွန်း အဖြူရောင်ဆေးပြား ၁၅ ကီလိုဂရမ်ခန့်(စုစုပေါင်းမူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုး ငွေကျပ် ၅ ဘီလီယံကျော်) တို့ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ကောင်းခါးကျေးရွာအနီးတဝိုက်မှာ ဖေဖော်ဝါရီ ၂၉ ရက်မှ မတ်လ ၃ ရက်အထိ သိမ်းဆည်းရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄၃,၇၆၅,ဝဝဝ ပြား၊ ဘိန်းဖြူ ၈၇,၅၄ဝ ဂရမ်၊ ဘိန်းဖြူခဲ ငါးခဲ(၁ ဒသမ ၆ ကီလိုဂရမ်)၊ ဆေးပြားအကြေမှုန့် ၁၅ဝ ဂရမ်၊ ICE ၁၂ ဒသမ ၅ ကီလိုဂရမ် (စုစုပေါင်းမူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုးငွေကျပ် ၉ဝ ဘီလီယံကျော်)ရှိတယ်လို့သိရပါတယ်။

ဓာတ်ပုံ- CINCDS

ဒါ့အပြင် မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်း ၆၃ မျိုး (စုစုပေါင်း ကာလတန်ဖိုး အနေဖြင့် ၁ ဘီလီယံကျော်) ဖြစ်ပြီး စုစုပေါင်း မူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများ စုစုပေါင်းကာလတန်ဖိုး ၉၁ ဘီလီယံကျော်ရှိတယ်လို့ တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ- CINCDS

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *