Sponsored

မြောင်းမြမြို့လို နယ်မြို့ငယ်လေးမှာ ကြီးပြင်းလာတဲ့ သာမန်မိန်းကလေးငယ်လေးကနေ ကမ္ဘာ့အဆင့် မီ အသိအမှတ်ပြုလည်းဖြစ်၊ အသက်အငယ်ဆုံး ဂျူဒိုအားကစား နည်းပြလည်း ဖြစ်တဲ့ မြန်မာအမျိုး သမီးကတော့ ခင်ချမ်းမြေ့သူပါ။

အသက် ၉ နှစ်အရွယ်ကတည်းက သဲတွေ၊ မြေမှုန်တွေ ပြည့်နေတဲ့ မြေကြီးနဲ့ ကျူထရံခင်းတွေ ပေါ်မှာ ဂျူဒို အားကစား တိုက်ကွက်တွေကို လေ့ကျင့်ရင်းကနေ ကျောင်းလက်ရွေးစင်အဆင့် ဖြစ်လာပြီး အသက် ၂၆ နှစ်မှာ ခါးပတ်နက် ၃ ခုရ ကမ္ဘာ့အဆင့် အပြည်ပြည်ဆိုင်ရာ ဂျူဒိုအဖွဲ့ချုပ်ရဲ့ အသက် အငယ်ဆုံး အမျိုးသမီး ဒိုင်နည်းပြ ဖြစ်လာသူပါ။

ခင်ချမ်းမြေ့သူ

ခင်ချမ်းမြေ့သူ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝတလျှောက်လုံးက ပြည့်ပြည့်စုံစုံနဲ့ သာယာချောမွေ့ခဲ့တာတော့ မဟုတ်ပါဘူး။

Sponsored

ပြိုင်ပွဲတွေမှာ အားအင်ရှိဖို့ နိုင်ငံတကာ အားကစားတွေလို အထောက်အပံ့ကောင်းကောင်းတွေ မရှိခဲ့ပေမယ့် မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ကုလားပဲအစိမ်းတွေကို တညလုံး ရေစိမ်ထားပြီး မနက်ကျရင် ဝါးစား၊ အသားတွေကို ပြုတ်စားနဲ့ တိုက်ခိုက်နိုင်ဖို့ အင်အားဖြည့်ရင်း နိုင်ငံတကာ ပြိုင်ပွဲတွေအထိ တက်လှမ်းပြီး မြန်မာနိုင်ငံ ကိုယ်စားပြု အောင်မြင်ခဲ့တဲ့ အမျိုးသမီးတဦးပါ။

ခင်ချမ်းမြေ့သူက လက်ရှိမှာတော့ အသက် ၃၄နှစ် ရှိပါပြီ။

ခင်ချမ်းမြေ့သူ

အောင်မြင်တဲ့ အားကစားသမား အမျိုးသမီးတဦး ဖြစ်တဲ့ အပြင် ခင်ချမ်းမြေ့သူက ဇွဲကောင်းတဲ့၊ သန်မာ ကြံ့ခိုင်တဲ့ မြန်မာအမျိုးသမီးအဖြစ်လည်း နိုင်ငံတကာဂျူဒိုကစားသမားတွေ အကြားမှာ အသိအမှတ်ပြု ခံရပါတယ်။

ခင်ချမ်းမြေ့သူက အားကစားနဲ့ ဂျူဒိုနည်းပညာ တိုက်ခိုက်တဲ့ အကွက်တွေမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ အမျိုးသမီး တဦးဖြစ်ပြီး သူတတ်ထားတဲ့ ပညာတွေကိုလည်း အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ်၊ လူကြီး ဖြစ်ဖြစ် ပြန်လည်ဝေမျှဖို့လည်း အမြဲတက်ကြွနေသူပါ။

လက်ရှိမှာလည်း ပြည်တွင်းမှာ မကြာခဏကြားနေရတဲ့ မိန်းကလေးတွေအပေါ် အဓမ္မ ပြုကျင့်မှုတွေ၊ သက်ငယ် မုဒိမ်း အမှုတွေကြောင့် မခံမရပ်နိုင်ဖြစ်ပြီး အမျိုးသမီးတွေကို လက်နက်မဲ့ ပြန်လည်ခုခံနိုင်ဖို့ စနေ၊ တနင်္ဂနွေ နေ့တိုင်းမှာ ဂျူဒိုတိုက်ကွက်တွေ အခမဲ့သင်ပေးနေသူပါ။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *