ထန်းလျက်ကိတ်မုန့် ကိုယ်တိုင်လုပ်ပြီး ထန်းတက်သမားတွေဘဝကိုမြှင့်တင်ဖို့ကြိုးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်

ထန်းတက်သမားတွေဘဝကိုမြှင့်တင်ဖို့ကြိုးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်

စက်တင်ဘာ ၁၄ နဲ့ ၁၅ နှစ်ရက်ကြာပြုလုပ်နေတဲ့ အာဆီယံအမျိုးသမီးများ ချစ်ကြည်ရေးအသင်း ဈေးရောင်းပွဲတော်ကို အင်းလျားလိတ်ဟိုတယ်မှာ ပြုလုပ်နေပြီး ဒီကိတ်မုန့်ကိုတော့ မနေ့က ဖွင့်ပွဲအခမ်းအနားမှာ လေလံတင်ရောင်းချခဲ့တာဖြစ်ပါတယ်။

အမေစုကိုယ်တိုင်ဖုတ်ထားတဲ့ကိတ်လည်းဖြစ်တယ်။ ရှားရှားပါးပါးလည်းဖြစ်တယ်။ အားလုံးကိုလည်း ဝေမျှချင်တယ်။ ၁၅၀ဝ နဲ့ ရရှိခဲ့တာပါ။ ၁၅၀ဝ ဆိုတော့မေတ္တာပေါ့နော်။ အဓိကက ငွေရေးကြေးရေးထက် မေတ္တာပါ။ အဖွဲ့အစည်းတွေမှာ လိုအပ်တဲ့အလှူတွေလှူမှာဆိုတော့ ပါဝင်တာပါ။ ထန်းလျက်နဲ့လုပ်တယ်ဆိုတော့ တကယ့်ကိုရှားပါးတဲ့ recipe တစ်ခုပေါ့။ စားလို့လည်းအရမ်းကောင်းတယ်။ တခြားကိတ်တွေနဲ့လည်းအရသာကွာခြားတယ်‘ လို့ လေလံအောင်မြင်သွားတဲ့ စီးပွားရေး လုပ်ငန်းရှင်၊ Myanmar Kindness Foundation ကိုတည်ထောင်သူ ဒေါ်ခင်မာလာက ပြောပါတယ်။

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူဇနီးဒေါက်တာရွှေလွှမ်းက လေလံအောင်သူကို ကိတ်မုန့်ကိုပေးအပ်

ကိတ်မုန့်လေလံအောင်သူကို ဒေါ်အောင်ဆန်းစုကြည်က သူလက်မှတ်ထိုးထားတဲ့ အေပရွန်(ချက်ပြုတ်တဲ့နေရာတွင်သုံးသောရှေ့ဖုံးခါးစည်း) နဲ့ ဓာတ်ပုံတစ်ပုံကိုလည်း ပေးအပ်ခဲ့ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဒီပွဲကို တက်ရောက်ဖို့ဖိတ်တဲ့အခါ မတတ်ရောက်နိုင်ပေမယ့် သကြားအစား ထန်းလျက်ကို အသုံးပြုပြီးတော့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ကိတ်မုန့်ကို လေလံတင်ရောင်းချဖို့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ရဲ့ဇနီးဒေါ်လွင်လွင်မာက ပြောပါတယ်။

ကျဆင်းနေတဲ့ထန်းတတ်သမားတွေရဲ့ဘဝကို မြှင့်တင်ချင်တဲ့ရည်ရွယ်ချက်နဲ့ ဒီကိတ်မုန့်ကိုပြုလုပ်တာဖြစ်ပြီး ထန်းလျက်ကိုသုံးပြီး ကွတ်ကီးအပါအဝင် အစားအစာတွေကို ဒေါ်အောင်ဆန်းစုကြည်က မျိုးစုံ စမ်းသပ်ထုတ်လုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း စက်ရုံတစ်ရုံလေ့လာရေးခရီးစဉ်အတွင်း သကြားအစား ထန်းလျက်ကိုသုံးပြီး ထုတ်လုပ်ဖို့ ညွှန်ကြားခဲ့တာရှိပြီး ဒါနဲ့ပတ်သက်လို့ ဝေဖန်မှုအချို့လည်းရှိခဲ့ပါတယ်။

ကိတ်မုန့်ကိုမြည်းစမ်းကြည့်ကြ

အညာကျေးလက်ရဲ့သရုပ်သင်္ကေတတစ်ခုဖြစ်တဲ့ ထန်းတောတွေဟာ ထန်းလျက်ချက်လုပ်တာ၊ ထန်းရည်ရောင်းချတာတွေနဲ့ အရင်က ထန်းတက်တောင်သူတွေဘဝပြေလည်ခဲ့ပေမယ့် အခုတော့ ထန်းတောင်သူအများစုဟာ ထန်းတောတွေကိုရောင်းချပြီး တခြားအသက်မွေးဝမ်းကျောင်းတွေကိုရွေးချယ်လာကြပါတယ်။ ထန်းတက်သူတွေလည်း ရှားပါးလာပြီး နိုင်ငံရပ်ခြားထွက်အလုပ်လုပ်သူတွေများလာသလို ဒီလုပ်ငန်းကိုဆက်ခံလုပ်ကိုင်ဖို့ အခက်အခဲတွေရှိလာတယ်လို့ ကျောက်ပန်းတောင်းဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အခုလို အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကြိုးပမ်းမှုကို သူကအသိအမှတ်ပြုပြီး ထန်းတောင်သူတွေဘဝတစ်ကျော့ပြန်ကောင်းမွန်လာဖို့လည်း သူက မျှော်လင့်နေပါတယ်။

ဒီကနေ့တစ်ရက် ဆက်လက်ကျင်းပဖို့ရှိနေတဲ့ ဈေးရောင်းပွဲမှာ အာဆီယံနိုင်ငံဆယ်နိုင်ငံရဲ့ မတူကွဲပြားတဲ့ထွက်ကုန်ပစ္စည်းတွေနဲ့ ရိုးရာအစားအစာတွေ၊ လက်မှုအနုပညာပစ္စည်းတွေနဲ့ လက်ဝတ်ရတနာတွေ၊ ရိုးရာအဝတ်အထည်တွေနဲ့ အသုံး အဆောင် ပစ္စည်းတွေကို ခင်းကျင်းပြသရောင်းချနေပါတယ်။

အာဆီယံအမျိုးသမီးအသင်းကို ၂၀ဝ၁ က စတင်ဖွဲ့စည်းခဲ့ပြီး အာဆီယံနိုင်ငံသူအချင်း ချင်းချစ်ကြည်ရင်းနှီးမှုတည်ဆောက်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

ဒီဈေးရောင်းပွဲတော်ကရတဲ့ငွေတွေကို တစ်ကိုယ်ရည်မိခင် (Single mother) တွေနဲ့ ကလေးတွေအတွက် ဖွင့်လှစ်ထားတဲ့ဂေဟာတွေနဲ့ အိမ်ရာမဲ့လေလွင့်ကလေးငယ်ရဲ့ပညာရေးအတွက် လှူဒါန်းသွားမယ်လို့လည်း အစိုးရက ထုတ်ပြန်ထားပါတယ်။

Source: BBC