ရန်ကုန်မြို့တွင်း ကားဖြင့် တရားမဝင်ဈေးရောင်းသူများကို စဖမ်းပြီ

ကားဖြင့် ဈေးရောင်းသူများ

ရန်ကုန်မြို့မှာ မော်တော်ယာဉ်နဲ့ တရားမဝင်စျေးရောင်းချတဲ့ သူတွေကို အရေးယူတာတွေ လုပ်ဆောင်နေပြီလို့ ရန်ကုန်မြို့တော်စည်ပင် စီမံဌာနက ဌာနမှူးဦးကျော်မင်းကပြောပါတယ်။

ယာဉ်တမျိုးမျိုးကိုအသုံးပြုပြီး စျေးရောင်းချမယ်ဆိုရင်တော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ ခွင့်ပြုချက်ရယူရမှာပါ။

စက်တင်ဘာလအကုန်အထိ စာရင်းတွေအရ လသာ၊ လမ်းမတော်၊ ပုဇွန်တောင်နဲ့ ဗိုလ်တထောင်မြို့နယ်တွေမှာ ရောင်းချတဲ့သူတွေကို အရေးယူထားတာ အမှုပေါင်း ၄၃ မှု ရှိနေပြီလို့ဆိုပါတယ်။ နောက်ထပ်လည်း ကျောက်တံတားနဲ့ ပန်းဘဲတန်းမြို့နယ်တွေမှာ စျေးရောင်းချတဲ့သူတွေကိုလည်း ဆက်လက်အရေးယူသွားမယ်လို့ပြောပါတယ်။

ကားဖြင့် ဈေးရောင်းသူများ

ခွင့်ပြုချက်မရှိဘဲ စျေးရောင်းချနေတာကို စစ်ဆေးတွေ့ရှိမယ်ဆိုရင်တော့ စည်ပင်သာယာ ဥပဒေအရ ပထမအကြိမ် ငွေဒဏ် ကျပ်၁သောင်းကနေ ကျပ် ၁ သိန်း၊ ဆက်လက် ရောင်းချနေမယ်ဆိုရင်တော့ ထောင်ဒါဏ် ၁လ အထိ ကျခံရမှာဖြစ်တယ်လို့ ပြောပါတယ်။

စည်ပင်က တရားဝင်စျေးရောင်းခွင့် လိုင်စင်ရရှိပြီးတဲ့ သူတွေအနေနဲ့လည်း မြို့တွင်း၆ မြို့နယ်မှအပ တခြားမြို့နယ်တွေမှာဘဲ ရောင်းချခွင့် ရရှိမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်မြို့မှာ မော်တော်ယာဉ်နဲ့ စျေးရောင်းခွင့် လုပ်ငန်းလိုင်စင် ၁၇၀ ကျော်ကိုသာ ခွင့်ပြုထားတယ်လို့ စည်ပင်ဌာနက သိရပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်