လျှပ်စစ်မီတာယူနစ်များနေမှု ပြန်လည်စစ်ဆေးပေးရန် တောင်းဆို

လျှပ်စစ်မီတာယူနစ်များ

လျှပ်စစ်မီတာယူနစ်များနေတာတွေကို ပြန်လည်စစ်ဆေးပေးဖို့ စာတင်ထားတယ်လို့ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် က ပြောပါတယ်။

လျှပ်စစ်အသုံးတွေချွေတာပေမယ့်လည်း မီတာယူနစ်တွေက တလထက်တလ ပိုတက်နေကြလို့ ပြည်သူတွေအကြား ဝေဖန်ပြောဆိုမှုတွေထွက်ပေါ်နေတာပါ။

ဒါနဲ့ပတ်သက်လို့ လျှပ်စစ်မီတာယူနစ်မှတ်တာတွေကို ပြန်လည်စစ်ဆေးပေးဖို့ မြို့နယ် လျှပ်စစ်ရုံးကို စာတင်ထားသလို ကိုယ်တိုင် သွားရောက်ဆွေးနွေးထားတယ်လို့ တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်က ပြောပါတယ်။

လျှပ်စစ်မီတာယူနစ်များ

ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလထက် အခုလမှာ မီတာယူနစ်တွေက နှစ်ဆလောက် ပိုမြင့်တက်လာပြီး တစ်လကို မီတာခ ကျပ် ၃၀၀၀၀ လောက် ပိုပိုပြီးဆောင်နေရတာက အခြေခံလူတန်းစားတွေအဖို့ အခက်တွေ့စေတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ကိုစောကလိုထူးက ပြောပါတယ်။

လျှပ်စစ်မီတာယူနစ်တွေအဆမတန် များနေတယ်လို့ လာပြောထားကြတဲ့ အိမ်တွေကိုတော့ နိုဝင်ဘာ ၂၅ ရက်နေ့က စတင်ပြီး အိမ်တိုင်ရာရောက် စစ်ဆေးပေးတာတွေ စတင်လုပ်ဆောင်နေ ပြီလို့ တောင်ဥက္ကလာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးက ပြောပါတယ်။

မိုဘိုင်းဖုန်းကတဆင့် မီတာယူနစ်တွေ ကြည့်လို့ရမယ့်(AMI) စနစ်တွေ လုပ်ဆောင် ပြီးရင်တော့ အခုလို မီတာယူနစ်တွေများနေတာတွေ မသိရဘူးဆိုတဲ့ ပြဿနာ ပြေလည်သွားမယ်လို့ တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံးက မန်နေဂျာ (အင်/ယာ) ဦးသိန်းအောင်က ပြောပါတယ်။

အစိုးရက လျှပ်စစ်မီတာနှုန်းထားတွေကို ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ ပြင်ဆင်သတ်မှတ် ကောက်ခံခဲ့တာမှာ ၁ ယူနစ်ကနေ ၃၀ ယူနစ်အထိ (၃၅)ကျပ်၊ ယူနစ် ၃၁ မှ ၅၀ယူနစ်အထိ (၅၀)ကျပ်၊ ၅၁မှ ၇၅ ယူနစ်အထိ (၇၀)ကျပ်၊ ၇၆ မှ ၁၀၀ယူနစ်အထိ (၉၀)ကျပ်၊ ၁၀၁ မှ ၁၅၀ယူနစ်အထိ (၁၁၀)ကျပ်၊ ၁၅၁ မှ ၂၀၀ယူယူနစ်အထိ (၁၂၀)ကျပ်နဲ့ ၂၀၀ ယူနစ်အထက်ကိုတော့ (၁၂၅) ကျပ် နှုန်း ကောက်ခံနေတာဖြစ်ပါတယ်။

သတင်း- သင်းသင်းဇော်

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်