မိုးလေဝသနဲ့ ရိုးမြေကျ ပေါင်းခဲ့သူ ဒေါက်တာ ထွန်းလွင်

၁၉၈၀ မြန်မာရုပ်မြင်သံကြားကနေ မိုးလေဝသ သတင်းတွေ ထုတ်လွှင့်ခဲ့တုန်းက လူသိများတဲ့ သတင်းတင်ဆင်သူ

သူ မကွယ်လွန်ခင် လွန်ခဲ့တဲ့၁၀ ရက်ကျော်က ဒေါက်တာထွန်းလွင် ဆေးရုံမှာဆုံးပြီဆိုတဲ့ သတင်းတွေ အင်တာနက် လူမှု ကွန်ရက်မှာ ပျံနှံ့ခဲ့ပါသေးတယ် ။

အဲဒီသတင်းတွေထွက်လာတာ အောက်တိုဘာ လ ၂၅ ရက်လောက်က ဖြစ်ပါတယ်။ ဒေါက်တာထွန်းလွင် ကဆေးရုံပေါ်ကနေ သူနေမကောင်းတာကို စိုးရိမ်ပေးကြတဲ့အတွက် ဝမ်းသာကြောင်း ကျေးဇူးတင်ကြောင်း၊ သူ့ ကိုယ်ပိုင် ဖေ့စ်ဘုတ် စာမျက်နှာပေါ်ကနေ ပြောခဲ့ပါတယ်။

အဲဒီနောက် အများစုက သူသက်သာလာပြီလို့ ထင်နေကြတဲ့ အချိန်မှာ ဒေါက်တာထွန်းလွင် ဆုံးပြီဆိုတာကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ မိသားစုဝင်တွေက နိုဝင်ဘာလ ၄ ရက်နေ့က အသိပေးလိုက်ပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့ ရေဝေးသုသာန်မှာ သဂြိုဟ်မယ်လို့ လည်း သူရဲ့မိတ်ဆွေတွေက ဘီဘီစီကို အတည်ပြုပါတယ် ။

ဒေါက်တာထွန်းလွင်ဟာ ဘီဘီစီ ကမေးမြန်းလေ့ ရှိတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မိုးကြိုကာလတုန်းက ဘီဘီစီနဲ့ ဆက်သွယ်မေးမြန်းခန်း တစ်ခုကို ဖုန်းနဲ့လက်ခံ ဖြေကြားအပြီးမှာတော့ သူကျန်းမာရေး မကောင်းဘူးလို့ ပြောခဲ့ပါတယ် ။

မိုးဇလနဲ့ ပတ်သက်လို့ အပတ်စဉ် ရုပ်သံ ရေဒီယို အင်တာဗျူးတွေမှာ ပါဝင်ဆွေးနွေးခဲ့လို့ လူကြိုက်များ

သူက ပြည်တွင်းသတင်းထောက် အတော်များများရဲ့ မိတ်ဆွေလည်းဖြစ်၊ တိုင်ပင်ဖော်လည်း ဖြစ်ပါတယ်။ သတင်းထောက်တွေကို အင်တာဗျုးပေးဖို့အတွက်၊ မေးလိုရာ မေးဖို့အတွက်အမြဲတမ်း အသင့်ဖြစ်နေတယ်လို့ လည်း သတင်းထောက်တွေက ပြောပါတယ်။

မေတ္တာထားကြတဲ့အတွက် ကျန်းမာပါတယ်၊ ခွဲစိတ်ကုသမှု လည်းအောင်မြင်ပါတယ်” လို့ ဂရန်းဟံသာဆေးရုံပေါ် ကနေ သူ့ပရိတ်သတ်တွေကို အောက်တိုဘာလ ၂၅ ရက်နေ့ကနူတ်ဆက်ခဲ့ပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့ကတော့ ‘ဆေးရုံတက်၍ ဆေးစစ်ဆေးမှုခံယူနေပါသဖြင့် တစ်ပတ်ခန့် သတင်းများ တင်နိုင်မည်မဟုတ်ကြောင်း အသိပေးအပ်ပါတယ်‘ လို့ သူ့စာမျက်နှာမှာ ရေးခဲ့ပါတယ် ။

ဒါကို ကြည့်ရင် သူဟာ မကွယ်လွန်ခင် အချိန် ရက်ပိုင်း အလိုအထိ မိုးလေဝသ အကြောင်းတွေကို တောက်လျှောက် ပညာပေးရေးသားနေသူဆိုတာ မြင်နိုင်ပါတယ်။

ဒေါက်တာထွန်းလွင်ဟာ မြန်မာနိုင်ငံက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှာ နှစ်ပေါင်းလေးဆယ်ကျော် လုပ်သွားတဲ့ အငြိမ်းစား အရာရှိကြီးဟောင်းဖြစ်တယ်လို့ လက်ရှိညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး ကဘီဘီစီကို ပြောပါတယ် ။

သူ့ဇာတိက တော့ စစ်ကိုင်းတိုင်း ငါန်းဇွန် မြို့နယ် ကုလားကျေးရွာက ဖြစ်ပါတယ်။ ၁၀ တန်းအောင်ကတည်းက မိုးဇလ ဝန်ထမ်းဖြစ်လာခဲ့တာလို့လည်း ဦးကျော်မိုးဦးကပြောပါတယ်။

ဖလော်ရီဒါတက္ကသိုလ်ကနေ သိပ္ပံဘွဲ့ မဟာသိပ္ပံ (မိုးလေဝသ) ဘွဲ့တွေကို ရခဲ့

ဒေါက်တာထွန်းလွင်ဟာ ၁၉၈၀ ဝန်းကျင်ကစလို့ မြန်မာရုပ်မြင်သံကြားကနေ မိုးလေဝသ သတင်းတွေ ထုတ်လွှင့်တဲ့ အခါတုန်းက သူဟာ သတင်းတင်ဆက်သူ အဖြစ် လူသိများပါတယ်။

ကျန်းမာတော်မူကြပါစ ခင်ဗျာ ဆိုတဲ့ ဒေါက်တာထွန်းလွင် ရဲ့ သတင်းအစ မှာ ပြောတဲ့ စကားပြောဟန်ဟာ အတော်ကို့ လူသိများ ထင်ရှားပါတယ် ။

ဆရာကြီးဟာ တပည့်တွေကို မိသားစုဝင်တွေလို ရင်းရင်းနှီးနှီး ဆက်ဆံ ပြီးတော့ ပညာကို ဝေမျှခဲ့တယ်၊ ၂၀၀၉ ခုနှစ်မှာ ပင်စင်ယူသွားခဲ့တယ်လို့လည်း ဦးကျော်မိုးဦး ကပြောပါတယ်။

သူဟာ၂၀၀၉ ခုနှစ် ပင်စင်ယူပြီးနောက်ပိုင်းမှာ မိုးလေဝသ သတင်းတွေကို ပြည်သူလူထု အတွက် သိအောင် ဆိုရှယ် လူမှုကွန်ရက်ကနေ တစ်ဆင့် ထုတ်လွှင့်ပေး နေခဲ့ပါတယ်။

ဆရာက အလုပ်လုပ်တဲ့နေရာမှာ ဇွဲရှိတယ်၊ ဟာသဉာဏ်ကောင်းတယ်၊ အလုပ်တစ်ခုလုပ်ရင် ဖြစ်အောင်လုပ်တတ်တယ်လို့ လက်ရှိ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကပြောပါတယ်။

မိုးလေဝသ နဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှာ နှစ်ပေါင်းလေးဆယ်ကျော် တာဝန်ထမ်းခဲ့တဲ့ အငြီမ်းစား အရာရှိကြီး

အငြိမ်းစား ယူပြီးတဲ့နောက်မှာလည်း မိုးလေဝသပညာရှင် တစ်ဦးအနေနဲ့ ရာသီဥတု သုံးသပ်ချက်တွေ၊ သုတေသနနဲ့ ဘာသာရပ်ဆိုင်ရာ စာတမ်းတွေကို ရေးသားပြုစုခဲ့သလို ပြည်တွင်း မိုးဇလနဲ့ ပတ်သက်လို့ အပတ်စဉ် ရုပ်သံ ရေဒီယို အင်တာဗျူးတွေမှာ ပါဝင်ဆွေးနွေးခဲ့လို့ လူကြိုက်များခဲ့ပါတယ်။

ဒေါက်တာထွန်းလွင်ဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါတက္ကသိုလ်ကနေ သိပ္ပံဘွဲ့၊ မဟာသိပ္ပံ (မိုးလေဝသ) ဘွဲ့တွေကို ရခဲ့ ပြီး မိုးလေဝသဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေရဲ့ ဂုဏ်ပြု အသိအမှတ်ပြုတာ ကိုလည်း ခံခဲ့ရသူဖြစ်ပါတယ်။

ဦးထွန်းလွင်ဟာ အမှုထမ်းသက် နှစ် ၄ဝ ကျော် အတွင်း မုန်တိုင်း ဒီရေ ခန့်မှန်းနည်း ဖော်ထုတ်ခြင်း၊ အယ်လ်နီညို၊ လာနီညာ ဖြစ်စဉ်များနဲ့ တာဝေး ဆက်နွယ်မှုအား ဌာနတွင်း ပထမဆုံး လေ့လာ တင်ပြခြင်း၊ မြန်မာနိုင်ငံရဲ့ ရာသီ ဥတု ပြောင်းလဲပုံတွေကို ၁၉၇၇ ခုနှစ်က စတင်ပြီး နှစ် ၅ဝ ကြာ မှတ်တမ်း ပြုကာ သုတေသန ပြုနိုင်ခဲ့ခြင်း တွေကို ဆောင်ရွက်ခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၇၁ နှစ် ရှိပြီဖြစ်ပြီး ရန်ကုန်မြို့ သုဝဏ္ဏမှာ ဇနီးဖြစ်သူနဲ့ သားသမီး သုံးဦး၊ မြေးနှစ်ဦးတို့ ကျန်ရစ်ခဲ့ပါတယ်။

Source: BBC