Sponsored

ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် မြောင်းမြခရိုင်ပြည်သူ့‌ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်စဉ် တစ်နှစ်တာ ကာလအတွင်း မြန်မာပြည်တဝှမ်းမှ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ငွေကျပ်သိန်းပေါင်းတစ်သောင်းကျော်ကို ဒေသဖွံ့ဖြိုးရေးနှင့် လူမှုအကျိူးပြုလုပ်ငန်းများအတွက် လှူဒါန်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ် ပင်းတယမြို့တွင် လူမှုကူညီးရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထူးခြားစွာ ဆောင်ရွက်ခဲ့မှုကြောင့် ပင်းတယမီးအိမ်ရှင်အဖြစ် နာမည်ကျော်ကြား ထင်ရှားလာခဲ့သူ ဒေါက်တာသန်းမင်းထွဋ်မှာ ပင်းတယမြို့မှ ၎င်း၏ဇာတိမြို့ မြောင်းမြသို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ မြောင်းမြခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်

ဒေါက်တာ သန်းမင်းထွဋ်မှာ မြောင်းမြခရိုင် ဆေးရုံအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ၁၃ လတာ ကာလအတွင်း မြောင်းမြမြို့နယ်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအတွက် ငွေကျပ်သိန်းပေါင်း ၁ဝ၇၂၆ သိန်းကျပ်ကို မြန်မာပြည်တဝှမ်းမှ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။

Sponsored

အဓိကက ကျွန်တော်တို့ မြို့နယ်ထဲက အမှန်တစ်ကယ်ချို့တဲ့သော ကျေးလက်ဒေသတွေက တဲပုတ်၊ ဆးခန်းလေးတွေကို အသစ်ပြန်လည် တည်ဆောက်တယ်။ ပြီးတော့ကျေးလက်ဒေသက ကလေးတွေအတွက် စာသင်ကျောင်းတွေ အသစ်ဆောက်တယ်။ သောက်သုံးရေအခက်အခဲ ဖြစ်နေတဲ့ရွာတွေအတွက်တော့ အဝီစိတွင်းတွေလှူဒါန်းခဲ့တယ်။ ပြီးတော့သောက်သုံးရေ ရေအရင်းမြစ်၊ ရေသန့်ရှင်းမှု အဆင့်နိမ့်တဲ့ရွာတွေအတွက် ရေသန့်စက်တွေ တပ်ဆင်ပေးခဲ့တယ်။ ဒါ့အပြင် ကျေးလက်ကျန်းမာရေးာ စောင့်ရှောက်မှုလုပ်ငန်း‌တွေအနေနဲ့ ကျေးရွာအုပ်စု ၃၂ စုကိုလည်း ကွင်းဆင်းပြီးတော့ အခမဲ့ဆေးဝါးကုသမှုတွေ ပေးခဲ့ပါတယ်။ ဒီလို ကိုယ့်ဒေသရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်နိုင်ဖို့ လှူဒါန်းကူညီပေးခဲ့တဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ဒေါက်တာသန်းမင်းထွဋ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်

ဒေါက်တာသန်းမင်းထွဋ်သည် မြောင်းမြမြို့နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ၁၃ လတာ ကာလအတွင်း ကျေးလက်ဆေးပေးခန်း ၃၆ ခန်း၊ စာသင်ကျောင်း ၄ ကျောင်း၊ အဝီစိတွင်း ၁၅ တွင်းနှင့် ကျေးရွာပေါင်း ၂၂ ရွာအတွက် ရေသန့်စက် ၂၂ လုံးတို့ကို အလှူရှင်များနှင့်ချိတ်ဆက်ကာ ဖြည့်ဆည်းလှူဒါန်း‌ပေးခဲ့ပြီး မြောင်းမြမြို့နယ်အတွက် နောက်ထပ်စာသင်ကျောင်း‌‌ ဆောင်အသစ် ၅၀ ကို ထပ်မံဆောက်လုပ်လှူဒါန်းသွားဖိုဘ ရည်ရွယ်ထားကြောင်း သိရသည်။

ဆရာကြီးက ပင်းတယမြို့ရဲ့မီးအိမ်ရှင်ဖြစ်ခဲ့သလို မြောင်းမြမြို့အတွက်တော့ ဖန်ဆင်းရှင်၊ ကျေးဇူးရှင်ကြီးတစ်ဦးဖြစ်ခဲ့ပြန်ပါပြီ။ ဆရာကြီးရဲ့ ကျေးဇူးတွေအတွက် မြောင်းမြမြို့က ထာဝရကျေးဇူးတင်ရင်း သတိရတမ်းတနေမှာပါ။ ရွာကိုလာရောက်ပြီး ဆေးဝါးကုသမှုတွေ အခမဲ့ပြုလုပ်ပေးခဲ့တာ၊ ရေသန့်စက်တွေလှူဒါန်းပေးခဲ့တာတွေ ကိုယ့်ဇာတိမြို့ ရဲ့လိုအပ်ချက်တွေ ဖြည့်‌ဆည်းဆောင်ရွက်‌ခဲ့သူ လောကကောင်းကျိုးအထွေထွေ ထာဝရပြည်စုံပါစေလို့ ဆုတောင်းပေးပါတယ်” ဟု မြောင်းမြမြို့နယ်၊ ကျေးသာတောင်ကျောင်းတိုက်ဆရာတော် ဦးသုနန္ဒက ဆုတောင်းစကား မိန့်ကြားသည်။

ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်မှာ လာမည့် ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် မြောင်းမြခရိုင် ပြည်သူ့ဆေးရုံကြီးမှ ပုသိမ်မြို့ တိုင်းပြည်သူ့ဆေးရုံကြီးသို့ ဆေးရုံအုပ်ကြီးအဖြစ် ပြောင်းရွေ့ကာတာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရပြီး၊ ဆရာကြီးပြောင်းရွေ့တာဝန်ထမ်းဆောင်ခြင်းအတွက် မြောင်းမြဒေသခံတွေက နှမြောတသ ဖြစ်နေကြသည်။

ဘိုဘို/ဧရာဝတီတိုင်းမ်(မြောင်းမြ)

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *