မကွေးမြို့က သရဲစီးသည့် “ဓာတ်တိုင်မမ”

မကွေးမြို့က သရဲစီးသည့် “ဓာတ်တိုင်မမ”

သူမကို တမြို့လုံးက “ဓာတ်တိုင်မမ” ဟုသာ သိသော်လည်း နာမည်အရင်းက ကျော့ရွှေစင်….။

ခါးနှင့် ခြေကျင်းဝတ်တို့တွင် စတီးနှင့်ပြုလုပ်ထားသော အသက်ကယ်ပစ္စည်းများ ချိတ်ထားသော သူမအနေ ဖြင့် လမ်းဘေးလျှပ်စစ်မီးတိုင်ပေါ်သို့ လုံခြုံရေးအဝတ်နှင့် ဦးထုပ်များဝတ်ဆင်ထားခြင်းမရှိပဲ တက်နေသော မြင်ကွင်းမှာ မြင်ရသူတိုင်းကို သည်းထိတ်ရင်ဖိုဖြစ်စေသည်။

သူမအမြဲလွယ်နေကျ ဂျင်းလွယ်အိတ်ထဲမှာတော့ ပလာယာနှစ်ချောင်း၊ ဝက်အူလှည့်စသည့် မီးပြင်ပစ္စည်းတို့ကို ထည့်ထားသည်။

သူမဖခင်မှာ လျှစ်စစ်ဝန်ထမ်းတဦးဖြစ်ပြီး အရက်ကို စွဲစွဲမြဲမြဲသောက်တတ်သူဖြစ်သဖြင့် မိသားစုတာဝန်ကို လက်လွှဲတာဝန်ထမ်းဆောင်ရန် သမီးကြီးဖြစ်သော ကျော့ရွှေစင်က (၁၃)နှစ်အရွယ်ကတည်းက မောင်နှမ (၉)ယောက်၏ စားဝတ်နေရေးအတွက် လျှပ်စစ်မီးတိုင်တက်ပြင်ခြင်း၊ အလိုင်းမင်း၊ လျှပ်စစ်ပစ္စည်းနှင့် ပါတ် သက်သော အလုပ်မှန်သမျှကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်လာခဲ့ရသည်။

မွေးချင်းမောင်နှမထဲတွင် အငယ်ဆုံးသမီးဖြစ်သော်လည်း မိဘနေရာမှာပင် အားလုံးလိုလို ထောက်ပံ့ပေးသည့်အပြင် ၎င်းမွေးချင်းတို့မှ မွေးသော ကလေးများကိုပင် တာဝန်ယူပေးနိုင်သည့် အာဂအမျိုးသမီးတဦးဖြစ်သည်။

အရက်သမားလုံးလုံးဖြစ်နေသည့် ဖခင်မှာ သူမ(၁၆)နှစ်အရွယ်တွင် ဆုံးပါးသွားသော်လည်း အခြားလျှပ်စစ် ဝန်ထမ်းများက လျှပ်စစ်ပြင်ပညာကို သူမက ဖခင်ဆီမှ တဖြည်းဖြည်းသင်ယူခဲ့သော သူမ၏ကျွမ်းကျင်မှုကို အသိအမှတ်ပြုသဖြင့် လျှပ်စစ်ပြင်သည့်အလုပ်ကို နားလည်ခွင့်ပြုပေးခဲ့ကြသည်။

မကွေးမြို့က သရဲစီးသည့် “ဓာတ်တိုင်မမ”

မိခင်ကြီးမှာလည်း သူမအသက် (၂၃)နှစ်အရွယ်တွင် လူ့လောကကြီးထဲမှ ထွက်သွားခဲ့ပြန်သည့်အတွက် သမီးထွေးအမိအရာဆိုသကဲ့သို့ အငယ်ဆုံးသမီးဖြစ်သည့် သူမ၏ပခုံးတွင် မိဘတာဝန်များ လွှဲပြောင်းယူခဲ့ရ တော့သည်။

မောင်နှမတွေအကုန်လုံးက လျှပ်စစ်နဲ့ပါတ်သက်ပြီး လုပ်ကြတယ်။ မြေအောက်ပိုက်လိုင်းကိုတော့ ကျမက ရုံးကလူတွေနဲ့ တိုင်ပင်ပြီး အဖွဲ့လိုက်လုပ်တယ်။ မီးတိုင်ပေါ်တက်ရင်တော့ အန္တရာယ်ရှိတာပေါ့။ ဒါပေမယ့် လည်း ဒီအလုပ်ပဲ ကျွမ်းကျင်တာကိုး

ကျော့ရွှေစင်သည် အတန်းပညာမသင်ယူခဲ့ရသော်လည်း လျှပ်စစ်မီးပြင်၊ လျှပ်စစ်မီးတိုင်ပေါ်တက်ခြင်း၊ မြေ အောက်ပိုက်လိုင်းပြုပြင်ခြင်းတို့ကို စိတ်ပါဝင်စားစွာ သင်ယူလာခဲ့ခြင်းဖြစ်သည်။ အသက်မွေးဝမ်းကျောင်း အတွက် အစိုးရမှ အသိအမှတ်ပြုလက်မှတ် မရှိသော်လည်း မကွေးတမြို့လုံးက အသိအမှတ်ပြုခဲ့သည်။

ကိုယ်က အမျိုးသမီးဖြစ်တော့ မီးလိုင်းသမားအလုပ်ကို တော်ရုံတန်ရုံဆို မခေါ်ကြဘူး၊ အမျိုးသားတွေကိုပဲ ခေါ်ကြတယ်။ ခေါ်တဲ့လူရှိလို့ လိုက်သွားရင်လည်း ဟာ ဒီကောင်မလေးပါသွားပြန်ပြီ၊ ဟာ တနေ့တနေ့ နှစ် ဦးသုံးဦးပဲ။ အော်ဒါလိုက်နေတာပဲ။ အစကတော့ ကျမက နားမလည်ဘူးပြောတဲ့ဟာတွေ။ မီးပြင်ဖို့လာခေါ် တာ လိုက်သွားခဲ့ရင် ရပ်ကွက်ထဲမှာ ဒီလိုတွေအပြောခံရတယ်῎

ပတ်ဝန်းကျင်မှ နိမ့်ချသော၊ ချိုးနှိမ်သော အပြောအဆိုများကို ခံရသည်များရှိသော်လည်း သူမလုပ်ရမည့် အသက်မွေးဝမ်းကျောင်း မီးပြင်အလိုင်းမင်းအလုပ်ကို စိန်ခေါ်မှုအခက်အခဲများစွာကြားထဲမှ အမျိုးသားများ နှင့် တန်းတူလုပ်ကိုင်နိုင်ခဲ့သည်။

တခါတလေ အမျိုးသားများ မသွားလိုသောအခြေအနေတွင် မီးပြင်သမားအဖြစ် ခံယူထားသည့်အပြင် အ သက် မွေးဝမ်းကျောင်းအတွက်ပါ မဖြစ်မနေလိုက်ပေးခဲ့ရသည်။

῝မှတ်မှတ်ရရတရက်မှာ အမျိုးသားတဦးက မီးပြင်ဖို့ ကျမကိုလာခေါ်တယ်။ ကျမလိုက်သွားတော့ သူ့ မိန်းမက အမျိုးသမီးကိုမှ ခေါ်ရလားဆိုပြီး သူတို့လင်မယားပြဿနာတက်ကြတယ်။ တကယ်တမ်း မိုးရွာ လေတိုက်ရင် အမျိုးသားတွေက မီးပြင်မလိုက်ဘူး၊ သူပဲလိုက်လို့ခေါ်ရတာဆိုပြီး ပြောပြရတာမျိုး ကြုံခဲ့ရ တယ် ῎

သူမသည် မကွေးမြို့ရှိ ရန်ပယ်ရန်ကင်း၊ ကားဂိတ်ကွင်းစသည့်နေရာများတွင် အလိုင်းမင်း၊ မီးပြင်၊ ဓာတ် တိုင်တက်သည့် အလုပ်ကို အမြဲတမ်းလုပ်နေသဖြင့် “ဓာတ်တိုင်မမ”ဟု အမည်တွင်ကာ တမြို့လုံးလိုလို သိကြသည်။

အစပိုင်းတွင် လူအများ၏ အထင်လွဲမှုကို ခံခဲ့ရသော်လည်း နောက်ပိုင်းမှာတော့ အံ့သြချီးကျုးမှုများဖြင့် အသိအမှတ် ပြုလာကြသည်။

နာကြည်းမှုနှင့် မခံချင်စိတ်များ ရှိခဲ့သည့်သူမသည် နေ့စားအလုပ်နှင့်ထပ်ချိတ်ကာ ဆိုင်ကယ်တစီး မဖြစ်မနေ ဝယ်ယူခဲ့ပြီး အလိုင်းမင်းမီးပြင်အလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့သည်။ အလိုင်းမင်းမီးလိုင်းသမဖြစ်သည့် သူမကို ပတ်ဝန်းကျင်မှ အတန်းပညာရှိသူ၊ လျှပ်စစ်ဝန်ထမ်းဟု ထင်ခဲ့ကြသော်လည်း သူမမှာ ငယ်စဉ်က လျှပ်စစ်ရုံးမှ ထောက်ပံ့ကြေးဖြင့် (၄)တန်းအထိသာ ကျောင်းနေခဲ့ရသည်ဟု ဆိုသည်။

မကွေးမြို့က သရဲစီးသည့် “ဓာတ်တိုင်မမ”

လွန်ခဲ့သော (၅)နှစ်ခန့်က ဆိုင်ကယ်မှောက်သွားသဖြင့် ဒဏ်ရာအကြီးအကျယ်ရခဲ့ကာ ပတ်ဝန်းကျင်တွင် “ဓာတ်တိုင်မမ” ဆုံးသွားပြီဆိုသော သတင်းထွက်ခဲ့သည့်နောက်ပိုင်း ယခုချိန်အထိ မီးပြင်ရန်ခေါ်မည့်သူ မရှိ သလောက်ဖြစ်သွားသည်ဟု သူမက ပြောသည်။

အရင်ကဆို အနည်းဆုံး မီးပြင်ဖို့ လာခေါ်တဲ့သူက တနေ့ (၃)ဦး၊ (၄)ဦးလောက်ရှိတယ်။ ခုသေတဲ့နာမည် ပေါက်သွားတော့ မီးပြင်တဲ့အလုပ် သိပ်မဖြစ်တော့ဘူး။ အရမ်းရင်းနှီးပြီး သိတဲ့သူတွေလောက်ပဲ မီးခေါ်ပြင် ကြတော့တယ်῎ သူမအနေဖြင့် လောကကြီးကို အရှုံးပေးလိုက်ချင်သော်လည်း သူမကိုယ်သူမ စိတ်ဓာတ်ခွန်အားများ ပြန် လည်မြှင့်တင်ကာ “ဓာတ်တိုင်မမ”ဟု လူအများက ပြန်သိရှိလာစေရန်နှင့် အမှတ်ရစေရန်အတွက် သူမ အိမ်ရှေ့တွင် “ဓာတ်တိုင်မမ” ဟူသောအမည်ဖြင့် ကွမ်းယာဆိုင်လေးဖွင့်ထားသည်ဟု ဆိုသည်။

ကွမ်းယာဆိုင်ဖွင့်တော့ လူတွေလာဝယ်ကြမယ်လေ။ ဒါဆို မီးပြင်သမားမှန်း ပိုသိလာပြီး အလုပ်ပြန်ခေါ်ကြ မယ်။ လာခေါ်ပြင်တဲ့သူတွေ (၂)ဦး (၃)ဦးတော့ရှိနေပါပြီ။ အနည်းဆုံးတော့ “ဓာတ်တိုင်မမ” ဒီလောကမှာ ရှိနေသေးတယ်ဆိုတာ လူတွေသိပြီးရင် ကွမ်းယာဆိုင် ပြန်ပိတ်မှာပါ

သူမသည် ဓာတ်တိုင်တက်မီးပြင်သည့်အလုပ်အပြင် အလိုင်းမင်းနှင့် ပါတ်သက်သော လျှပ်စစ်မှန်သမျှ တပ်ဆင်ပြုပြင်ကျွမ်းကျင်သူဖြစ်သည်။ ဓာတ်တိုင်ပေါ်တက်ပြီး မီးကြိုးပြင်သည့်အချိန် ဓာတ်လိုက်ပြီး သေကံ မရောက်ပဲ သက်မပျောက်ခဲ့သည့်အချိန်တွေကိုလည်း သူမက ပြန်လည်ပြောပြသည်။

မှတ်မှတ်ရရပြောရရင် ဓာတ်တိုင်ပေါ် မီးတက်ပြင်နေတဲ့အချိန်မှာ လမ်းထဲကားကြီးဝင်လာတယ်။ ကား ကြီးကို ဓာတ်လိုက်မှာစိုးလို့ မလာခဲ့နဲ့လို့ပြောနေတဲ့ ကြားထဲကနေ ကူးလာတယ်။ သူတို့က စ,နေတယ်ထင် ပြီး ကူးလာတော့ ကျမက မီးကြိုးကို သွားဆွဲလိုက်တာ အောက်ကို ပြုတ်ကျသွားတယ်။ ကားထဲမှာ လူတွေ အများကြီးပဲ။ ကျမက စိုးရိမ်တဲ့စိတ်နဲ့ လှမ်းဆွဲလိုက်တာ အောက်ကျသွားတော့ တကိုယ်လုံးဒဏ်ရာတွေနဲ့ဲ ..

ပြုတ်ကျပြီး ဆေးရုံရောက်သွားသော်လည်း သူမမှာ တနာရီခွဲလောက်သာနားပြီး ဓာတ်တိုင်ပေါ် ပြန်တက်ခဲ့ သည့်အတွက် ပတ်ဝန်းကျင်မှ သူမကို ῝ဖုတ်ဝင်နေပြီ῎ ဆိုပြီး အထင်လွဲမှားခဲ့ကြသေးသည်ဟုဆိုသည်။

ဓာတ်တိုင်ပေါ်တက်ချိန်တွင် တိုင်တက်ခါးပတ်ပတ်ထားသော်လည်း မကြာခဏပြုတ်ကျခဲ့ကြောင်း သူမက ပြောသည်။

῝တချို့ဆို သရဲစီးနေပြီဆိုပြီး ပဌာန်းရွတ်ပေးတဲ့သူတွေနဲ့῎

ပိုက်ဆံ (၃)ထောင်၊ (၄)ထောင်ရဖို့အရေး အသက်နဲ့ရင်းပြီး လုပ်ရတယ်။ စစ်သားက ကျည်ဆံရှောင်လို့ ရမယ်။ ဒီအလိုင်းမင်းအလုပ်က ကျည်ဆံရှောင်လို့မရဘူး῎ ဟု နေ့စဉ်နှင့်အမျှ အသက်နှင့် ရင်းနေရသည့် သူမ၏ အခြေအနေကို ဆက်ပြောပြသည်။

သူမအနေဖြင့် အသက်အန္တရာယ်ကို ပဓာနမထားပဲ အသက်မွေးဝမ်းကြောင်းအတွက် စိတ်ဆောင်သည့် အတိုင်း အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့သည်ကို သူမကိုယ်တိုင်သာ သိသည်ဟု သူမက ဆိုသည်။ မိသားစုအတွက် မဖြစ်မနေကျွေးမွေးစောင့်ရှောက်ရမည့် တာဝန်သိစိတ်ကြီးမားသည့်အပြင် လူရယ်လို့ဖြစ်လာလျှင် အသက်ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရမည်ဆိုသည့်အသိဖြင့် သူမက နောက်မတွန့်ခဲ့ခြင်းလည်းဖြစ်သည်။

ဆိုင်ကယ်မှောက်သည့် ဒဏ်ရာကြောင့် မျက်နှာတခုလုံးပျက်စီးသွားခဲ့သော်လည်း ပြန်လည်ကုသနိုင်ခဲ့သည့် အတွက် ယခုအချိန်တွင် နဂိုရုပ်ပြန်ရသွားပြီဟု သူမက ဆိုသည်။

῝မီးပြင်သွားတာ သူများထက် လျှော့တောင်းတာတောင် မပေးချင်လို့ စိတ်တိုပြီးပြန်လာတဲ့လမ်းမှာ ကား အောက်ထဲရောက်သွားတယ်။ ဒါပေမယ့်မသေခဲ့ဘူး။ ဘဝမှာ ဘာနဲ့သေမလဲတော့မသိဘူး῎ ဟု ရယ်မောပြီး ပြောပြလေသည်။

သူမသည် အန္တရာယ်ရှိသောအလုပ်ကို လုပ်နေရပြီး ထိုက်တန်သော လုပ်အားခမရခဲ့သည့်အချိန်များလည်း ရှိသော်လည်း လျှပ်စစ်ပြင်သည့်အလုပ်ကိုသာ ကျွမ်းကျင်ဝါသနာပါသည့်အတွက် ကျိတ်မှိတ်လုပ်ရသည်။

῝အသက်နဲ့ရင်းရတဲ့အလုပ်ကို ကျပ်(၄)ထောင်လောက်နဲ့ လုပ်ခဲ့ရတယ်῎

သူမသည် အိမ်ထောင်မရှိသော်လည်း လက်ရှိအချိန်တွင် အကူအညီမဲ့နေသူ ကလေးနှစ်ယောက်ကို မွေး စားထားသေးသည်။
သူမအလုပ်လုပ်ရာတွင် အမြဲတမ်းအာရုံစူးစိုက်မှုရှိပြီး သူမမျက်နှာသည် စိတ်ပါလက်ပါရှိမှု အရိပ်အရောင်များ ကို မြင်တွေ့ရကြောင်း အိမ်နီးချင်းဖြစ်သူ မသန္တာက ပြောသည်။

သူကမိရိုးဖလာကနေ ဆင်းသက်လာတဲ့အလုပ်ဆိုတော့ သေချာလုပ်တတ်တယ်

အမျိုးသမီးအများစုသည် အမြင့်တက်ရန် ကြောက်ကြသော်လည်း မကျော့ရွှေစင်မှာမူ အမျိုးသားများ နှင့်တန်းတူလုပ်နိုင်ပြီး တခါတလေတွင် အမျိုးသားများထက်ပင် အလုပ်ပိုလုပ်နိုင်သည်ကို တွေ့မြင်ရသည့် အတွက် တမူထူးသည့်သူဟုပင် မြင်မိသည်ဟု မသန္တာက ဆိုသည်။

῝ပြောရမယ်ဆိုရင် အမျိုးသမီး(၁၀၀)မှာ (၁)ယောက်လောက်ပဲရှိတဲ့ အမူအကျင့်မျိုးပေါ့၊ သူက စိတ်သဘော ထားဖြူစင်ပေမယ့် သူလုပ်တဲ့အလုပ်ကြောင့် အပြင်ပန်းကြည့်ရင် မနူးညံ့သလိုဖြစ်နေတာပေါ့῎

သူမ၏အသွင်က မနှူးညံ့သလိုဖြစ်နေသော်လည်း လူချစ်လူခင်များသူဖြစ်ကြောင်း မသန္တာကပြောဆိုခဲ့သည်။

ကောကော်

Hi Burma Page မှကူးယူဖော်ပြပါသည်