Sponsored

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖိတ်ကြားထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံအမတ် ကြီး စကော့မာစီရယ်က ပြောကြားပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့က ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးဌာနမှာ ပြုလုပ်တဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ပတ်သက်လို့ အထူးဟော ပြောချက်မှာ သံအမတ်ကြီးက အခုလို ထည့်သွင်းပြောကြားသွားတာပါ။

ဒီနှစ်နှောင်းပိုင်းမှာ ဝါရှင်တန်မှာလုပ်ဖို့ရှိနေတဲ့ အာဆီယံအမေရိကန်ထိပ်သီးအစည်းအဝေးအတွက် ဖိတ်ကြားထားတာဖြစ်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီရေးရှင်သန်ခိုင်မာရေး၊ ပညာရေး၊ ကျန်းမာ ရေး စတဲ့ ရေရှည်ကတိကဝတ်တွေကို အကောင်အထည် ဖော်ပေးနိုင်ဖို့အတွက် နှစ်နိုင်ငံ အစိုးရအဆင့်မြင့် အရာရှိကြီးတွေကြား တွေ့ဆုံဆွေးနွေးမှုတွေရှိတယ်လို့ သူကပြောပါတယ်။

Sponsored

လက်ရှိမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံခေါင်းဆောင်တစ်ဦးအနေနဲ့ အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့ သမ္မတထရမ့်က ဖိတ်ကြားထားပါတယ်။ ဒီနှစ်ကျင်းပမယ့် အာဆီယံအမေရိကန်ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့အတွက်ပါ။ တစ်ချိန် တည်းမှာပဲ မြန်မာနိုင်ငံအတွက် သိသာထင်ရှားတဲ့ အကူအညီအထောက်အပံ့တွေ ပေးအပ်ဖို့ လျာထားတာကိုလည်း ကြေညာသွားဖို့ရှိပါတယ်။ မြန်မာ ပြည်သူတွေအတွက် ဒီမိုကရေစီရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရခိုင် အရေး စတဲ့ကဏ္ဍတွေမှာ ကူညီပံ့ပိုးပေးဖို့အတွက်ပါ” လို့ သံအမတ်ကြီး စကော့မာစီရယ်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မကြာသေးခင်က သမ္မတ ထရမ့် လက်မှတ်ရေးထိုးအတည်ပြုလိုက်တဲ့ ဘတ်ဂျက်အသစ်အရ မြန်မာနိုင်ငံအပေါ် အကူအညီအထောက်အပံ့တွေကို သိသိသာသာတိုးမြှင့်ထားပြီး မြန်မာအပေါ် လျာထားတဲ့အကူအညီပေးရေးဘတ်ဂျတ်ပမာဏဟာ အရှေ့တောင်အာရှနိုင်ငံတွေအနက် အများဆုံး လျာ ထားချက်လည်းဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး စကော့မာစီရယ်

အာဆီယံအမေရိကန်ထိပ်သီးအစည်းအဝေးကို အာဆီယံဆယ်နိုင်ငံက ခေါင်းဆောင်တွေကို သမ္မတ ထရမ့်က ပြီးခဲ့တဲ့နိုဝင်ဘာလကုန်ပိုင်းကတည်းက ဖိတ်ကြားထားတာဖြစ်ပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ လက်ခံထားကြောင်း ကမ္ဘောဒီးယားအခြေစိုက် ဖနွမ်းပင်ပို့စ် သတင်းဌာနက ဖော်ပြထားပါတယ်။

သမ္မတထရမ့်က ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုကိုဖိတ်ကြားထားတာ ဟုတ်မှန်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အတည်ပြုပါတယ်။

ဖိတ်ထားတယ်ဆိုတာ သမ္မတ ထရမ့်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဆီယံခေါင်းဆောင်တွေအကုန်လုံးကို မတ်လထဲမှာ အမေရိကန် အာဆီယံထိပ်သီးအစည်းအဝေး အမေရိကမှာလုပ်ဖို့ ဖိတ်ထားတာရှိပါတယ်။ တက်ရောက်ဖို့ရှိမရှိကတော့အာဆီယံ ဆယ်နိုင်ငံရဲ့ခေါင်းဆော်ငတွေအားလုံးရဲ့ ဘုံသဘောထားပေါ်မူတည်ပါတယ်။ အများတက်မယ်ဆိုရင်တော့ ကျွန်တော်တို့လည်းတက်မှာပါ။ ဆယ်နိုင်ငံလုံးအဆင်ပြေရင်တော့ တက်မှာပါ။ အာဆီယံအစည်းအဝေးတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်ပြီးတက်တာဆိုတော့လေ။ နိုင်ငံ့အကြီးအကဲတွေကို ဖိတ်ထားတာတော့ရှိပါတယ်။ ဒါက နှစ်နိုင်ငံ bilateral visit တော့မဟုတ်ဘူးပေါ့” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးအောင်ကို က ဘီဘီစီကိုပြောပါတယ်။

၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်ကစလို့ သိသာထင်ရှားတဲ့ပြုပြင်ပြောင်းလဲရေးတွေကို တွေ့မြင်ခဲ့ရပြီး အမေရိကန်ပြည်ထောင်စု အစိုးရအနေနဲ့ ကြိုဆိုကြောင်းနဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ရွေး ကောက်ပွဲ တွေပေါ်ပေါက်လာတာ၊ ဆင်ဆာစနစ်အဆုံးသတ်ပြီး သတင်းမီဒီယာ လွတ်လပ် ခွင့် ၊ အရပ်ဖက် အဖွဲ့အစည်းတွေ ဖွံ့ဖြိုးလာတာ ၊ စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေ စတဲ့အပြောင်းအလဲတွေကို မြင်တွေ့ခဲ့ရတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

သမ္မတ အိုဘားမားလက်ထက်က ကျင်းပခဲ့တဲ့ အာဆီယံအမေရိကန်ထိပ်သီးအစည်းအဝေးတွေကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။

၂၀၁၅ မှာ အန်အယ်လ်ဒီအစိုးရက ရွေးကောက်ပွဲအနိုင်ရပြီး အာဏာလွှဲပြောင်းရယူနိုင်ခဲ့တဲ့အပေါ်လည်း အမေရိကန်ပြည်ထောင်စုက ကြိုဆိုပြီး ၂၀၁၆ နှစ်ကုန်ပိုင်းမှာ မြန်မာအပေါ် စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေ ရုပ်သိမ်းပေးခဲ့သလို အထူးကုန်သွယ်မှုအခွင့်အရေး GSP ကိုလည်း ပြန်လည်ပေးအပ်ခဲ့တယ်လို့ သူက ပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပိုမိုခိုင်မာရေး၊ အခွင့်အလမ်းတွေပိုမိုရရှိရေး၊ ကြွယ်၀ ပြည့်စုံစေရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေမှာ ပိုပြီး ထိရောက်ရေး အတွက် မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သံအမတ်ကြီးကပြောပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်အတွင်း မြန်မာ့နိုင်ငံမှာ ခက်ခဲတဲ့အခြေအနေတွေကြုံခဲ့ရပြီး ၂၀၁၇ မှာဖြစ်ပွားခဲ့တဲ့ ရခိုင် အရေးက ထောင်သောင်းချီတဲ့ လူတွေကို တိုက်ရိုက်ထိခိုက်ခံစားစေခဲ့ရကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် တွေရဲ့အင်အားသုံးဖြေရှင်းမှုတွေမှာ လူတွေ သေဆုံးခဲ့ရသလို လူခုနစ်သိန်းကျော် နိုင်ငံကနေ ထွက်ပြေးခဲ့ရကြောင်းလည်း သူက ပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက ဒီလူ့အခွင့်အရေးချိုဖောက်မှုတွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကြသလို ကမ္ဘာလှည့်ခရီးသည်တွေနဲ့ နိုင်ငံတကာကုမ္ပဏီတွေလည်း ဒီအရေးကြောင့် မြန်မာနိုင်ငံကို မလာသင့်ဘူးလို့ ဆုံးဖြတ်ခဲ့တာတွေလည်းရှိခဲ့တယ်လို့ သံအမတ်ကြီးကပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ဒီအကြပ်အတည်းကနေ ရုန်းထွက်စေလိုပြီးရှေ့ကို ဆက်သွား စေချင်ကြောင်းနဲ့ ဒီလို ဒုက္ခတော ထဲမြန်မာရောက် နေတာကိုမပျော်မရွှင်ဖြစ်ရတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

Source: BBC

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *