Sponsored

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ပြင်းထန်အဆုတ်ရောင်ရောဂါ (COVID-19) ကူးစက်ခံရသူတွေထဲက လူနာ ၃ ဦး ထပ်မံသေဆုံးပြီး ကူးစက်ခံရသူမှာလည်း နောက်ထပ် ၁၀၆ ဦးရှိတယ်လို့ ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက ဒီနေ့မနက် ၁၀ နာရီမှာ ထုတ်ပြန်ကြေညာပါတယ်။

ထိုင်းမှာ အရင်က COVID-19 ကြောင့် သေဆုံးသူ ၁ ဦး ရှိခဲ့ရာမှာ နောက်ထပ် ၃ ဦး တိုးလာတဲ့အတွက် စုစုပေါင်း ၄ ဦးရှိပြီ ဖြစ်ကြောင်း၊ ကူးစက်ခံရသူမှာလည်း နောက်ထပ် ၁၀၆ ဦး တွေ့ရှိတဲ့အတွက် ယခင်အဟောင်းတွေနဲ့ပေါင်းရင် စုစုပေါင်း ၈၂၇ ဦးရှိပြီး ရောဂါပြင်းထန်သူမှာ ၄ ဦး သက်သာလို့ ဆေးရုံက ဆင်းသွားတာ စုစုပေါင်း ၅၇ ဦး၊ လောလောဆယ် ဆေးရုံမှာ တက်ရောက်ကုသနေသူ ၇၆၆ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထဝီဆင်ဝိစနုယိုးထင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

@BangkokPost

နောက်ထပ်တွေ့ရှိသူ ၁၀၆ ဦးကို အုပ်စု ၃ ခုခွဲပြီး ကြည့်မယ်ဆိုရင် အုပ်စု ၁ မှာ ၂၅ ဦး ရှိပြီး သူတို့ဟာ ယခင်ကူးစက်ခံရသူများနဲ့ ဆက်စပ်သူတွေဖြစ်ကာ လူနာနဲ့ နီးကပ်စွာ နေထိုင်သူ၊ ယခင်ကူးစက်ခံရသူတွေ တွေ့ရှိခဲ့တဲ့ နေရာဟောင်းကလူတွေ (လက်ဝှေ့ရုံ/ နိုင်ကလပ်/ဘားဆိုင်နဲ့ မလေးရှားက ဘာသာရေး ဝတ်ပြုပွဲ) မှာ ပါဝင်ခဲ့သူတွေလို့ ဆိုပါတယ်။

Sponsored

အုပ်စု ၂ မှာ ၃၄ ဦးရှိပြီး သူတို့တွေကတော့ နိုင်ငံခြားကနေ ဝင်လာတဲ့ ထိုင်းနဲ့ နိုင်ငံခြားသားတွေ၊ လူကြပ်သောနေရာမှာ အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေ၊ လူနာကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်ပါတယ်။

အုပ်စု ၃ မှာ ၄၇ ဦးရှိပြီး COVID-19 ကူးစက်ကြောင်း သံသယနဲ့ စောင့်ကြည့်ခံနေရတဲ့ သူတွေထဲက အတည်ပြုခံရသူတွေလို့ ဒေါက်တာထဝီဆင်က ပြောပါတယ်။

@CNA

သေဆုံးသူတွေနဲ့ ပတ်သက်ပြီး ယခင်က အသက် ၃၀ ကျော်ရွယ် အရောင်းဝန်ထမ်း အမျိုးသား ၁ ဦး သေဆုံးခဲ့ကာ မနေ့က သေဆုံးသူတွေထဲမှာတော့ တရုတ်ခရီးသွားတွေကို ကားမောင်းပို့ခဲ့သူ အသက် ၇၀ နှစ်ရွယ် ထိုင်းအမျိုးသား ၁ ဦး၊ လက်ဝှေ့ပွဲ သွားကြည့်တဲ့ အသက် ၇၉ နှစ်ရွယ် အငြိမ်းစား လက်ဝှေ့သမား ၁ ဦးနဲ့ ဆီးချိုရောဂါအခံရှိ အသက် ၄၅ နှစ်ရွယ် ထိုင်းအမျိုးသား ၁ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ထဲက တရုတ်ခရီးသွားတွေကို ကားမောင်းပို့ခဲ့သူဟာ ဇန်နဝါရီလကတည်းက ဆေးရုံမှာ တက်ရောက်ကုသနေပြီး ၁ လနဲ့ ၂၂ ရက်တာ ကုသမှုခံယူရင်း သေဆုံးသွားခဲ့တာလို့ bangkokbiznews သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ ခရိုင်ပေါင်း ၇၂ ခရိုင်ရှိတဲ့အနက် COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ခရိုင်မှာ ၄၇ ခု ရှိပါတယ်။

လူနာတွေ အများဆုံးမှာ ဘန်ကောက်ကဖြစ်ပြီး ၃၄၉ ဦးရှိကာ ဒုတိယအများဆုံးက နွန်ထပူရီနဲ့ ထိုင်းတောင်ပိုင်း ဖူးကက်၊ ပတ္တနီ စတဲ့ဒေသတွေ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မှာတော့ COVID-19 ကူးစက်ခံထားရတဲ့ လူနာ ၉ ဦး ရှိနေပါတယ်။

လက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ အခြားခရိုင်က ကုန်တိုက်၊ ဈေးဆိုင်၊ စာသင်ကျောင်း၊ တက္ကသိုလ် အစရှိတဲ့ လူစုလူဝေးရာ နေရာဌာနတွေ အားလုံးကိုပိတ်ပြီး လူတိုင်း အရေးမကြီးက မိမိနေအိမ်ထဲမှာသာ နေကြဖို့ အစိုးရက ညွှန်ကြားထားတာကြောင့် မြို့ပေါ်လမ်းမကြီးပေါ်မှာ တိတ်ဆိတ်ရှင်းလင်းနေပါတယ်။

ကုန်တိုက်တွေ၊ ဈေးဆိုင်တွေ ပိတ်သိမ်းလို့ အလုပ်လက်မဲ့ ဖြစ်သွားရသူတွေအတွက် လတ်တလော ဝမ်းရေးပြဿနာဖြေရှင်းတဲ့အနေနဲ့ လူ ၁ ဦးလျှင် ဘတ် ၂ ထောင်စီ ထောက်ပံ့ပေးမယ်လို့ အစိုးရက ကြေညာထားပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *