Sponsored

ကိုရိုနာဗိုင်းရပ်စ်သံသယလူနာလိုက်ပါလာတဲ့ တရုတ်ခရီးသည်တင်လေယာဉ်ပေါ်က ကျန်ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေဟာ ပြည်တွင်းကို ဝင်ရောက်ခြင်းမရှိဘဲ အဆိုပါလေယာဉ်နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒီကနေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်က ပြန်လည်ထွက်ခွာသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့မနက်က တရုတ်နိုင်ငံ ကွမ်ကျိုး လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာတဲ့ China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055၊ လေယာဉ် အမျိုးအစား A-319၊ လေယာဉ်အမှတ် B-6208 နဲ့ လိုက်ပါလာတဲ့ တရုတ်နိုင်ငံသား အမျိုးသားခရီးသည်တဦးမှာ ကိုယ်ပူချိန်အနည်းမြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနဲ့ လည်ချောင်းနာခြင်း လက္ခဏာများစစ်ဆေးတွေ့ရှိရလို့ အဆိုပါ ခရီးသည်ကို ဝေဘာဂီအထူးကုဆေးရုံရှိ သီးသန့်ခန်းကို ပို့ဆောင်ထားရှိပြီး စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ထားရှိတာပါ။

ဓာတ်ပုံ – အောင်ကျော်ဇော

အဆိုပါခရီးသည်ထံက ဓာတ်ခွဲနမူနာရယူပြီး 2019 Novel Coronavirus အဆုတ်ရောင်ရောဂါ ရှိ၊ မရှိ ကို အတည်ပြုနိုင်ရန် ဆောင်ရွက်နေတယ်လို့လည်း ကျန်းမာရေးဌာန သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Sponsored

အဆိုပါ လေယာဉ်နဲ့ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် ၂ ဦးကိုလည်း ကိုယ်ပူ ဖျားနာတဲ့ ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိပေမယ့် ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်းတွင်ထားရှိကာ ရောဂါကူးစက်မှု ရှိ၊ မရှိ စနစ်တကျ စောင့်ကြပ်ကြည့်ရှု နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – အောင်ကျော်ဇော

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *