ဆယ်တန်း ကို ၆ ဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ပြီး သာသနာ့ဘောင်ကို အပြီးဝင်သွားတဲ့ သားကို လွမ်းနေတဲ့ မိခင်

@Facebook

ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေ ထွက်တုန်းက ကျောင်းသားလေးတစ်ယောက်ဟာ ဘာသာစုံ ဂုဏ်ထူးထွက်ခဲ့ပါတယ်သူဟာ စာကြိုးစားသလို ၊ ဉာဏ်ရည်လည်းထက်မြက်သူဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ဆရာဝန်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့မိခင်ကိုယ်တိုင် မျှော်မှန်းထားသလို ပတ်ဝန်းကျင်ကလည်း ဒီလိုပဲ ထင်မှတ်နေကြပါတယ်။ ဒါပေမယ့် အားလုံးကို အံ့သြသင့်စေတာတစ်ခု ကို သူတို့ ကြုံတွေ့ခဲ့ရပါတယ်။ အဲ့တာကတော့ သားဖြစ်သူ ဂုဏ်ထူးအပြည့်နဲ့ အောင်ပေမယ့် ကျောင်းဆက်မတက်တော့ပဲသာ့သနာ့ဘောင်ကို အပြီးတိုင်ဝင်ပြီးတော့ မြတ်ဘုရားရဲ့ သာသနာမှာ တရားဓမ္မတွေကိုပဲ လေ့လာတော့မယ်လို့ ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးတော့ မိခင်ဖြစ်သူဟာ သားရဲ့ ကုသိုလ်အရေးကို မတားလိုတာကြောင့် ခွင့်ပြုပေးခဲ့ပေမယ့် အခုလို တက္ကသိုလ်တွေ တက်နေချိန်မှာတော့ ဘာသာစုံဂုဏ်ထူးအပြည့်နဲ့ သူ့သားလေးကို လွမ်းတဲ့ အကြောင်းကို အခုလိုပဲ ရင်ဖွင့်လာပါတယ်။

@Facebook

((မြင့်မြတ်သူသို့ တဒင်္ဂအလွမ်း
**************************

တက္ကသိုလ်ကျောင်းတွေဖွင့်တော့မယ်သားရေ။
သားသူငယ်ချင်းတွေအားလုံး ကိုယ်ဝါသနာပါရာတက္ကသိုလ်အသီးသီးကိုတက်ကြဖို့ ပြင်ဆင်နေကြပြီပေါ့။
မေမေ့သားလေးလည်း ဘဝရဲ့တစ်ဆစ်ချိုးအကွေ့ကို ချိုးကွေ့မသွားခဲ့ဘူးဆိုရင် ဟိုးအရင်သားငယ်စဉ်ကတည်းက အိပ်မက်မက်ခဲ့တဲ့ ဆေးတက္ကသိုလ်ကျောင်းတော်ကြီးကို တက်ရောက်ပညာသင်ကြားဖို့အတွက် ပြင်ဆင်နေပြီပေါ့နော်။

သားအမြဲပြောတတ်တဲ့စကားလေးက
“သားကြီးလာရင် လူသားတွေရဲ့အသက်ကိုကယ်တင်တဲ့၊လူတွေရဲ့ရောဂါဝေဒနာတွေကိုသက်သာပျောက်ကင်းအောင်ကုသပေးနိုင်တဲ့ ဆရာဝန်ကြီးတစ်ယောက်ဖြစ်ချင်တယ်မေမေ။ဖြစ်အောင်လည်းသားကြိုးစားမယ်´´
ငယ်စဉ်ကတည်းက မိဘအပေါ်သိတတ်လိမ္မာပြီး အတန်းစဉ်ပညာထူးချွန်ဆုတွေ အမြဲရခဲ့တဲ့သားလေးဟာ
၂၀၁၉ခုနှစ်တက္ကသိုလ်ဝင်တန်းကိုလည်း ဘာသာစုံဂုဏ်ထူး(ရမှတ်၅၂၇)နဲ့ထူးချွန်စွာအောင်မြင်ခဲ့ပါတယ်။
သားဖြစ်ချင်တဲ့ဆရာဝန်ကြီးလုပ်လို့ရပြီဆိုတဲ့အသိနဲ့ အောင်စာရင်းထွက်တဲ့နေ့က မေမေဝမ်းသာလွန်းလို့ မျက်ရည်များတောင်ကျခဲ့မိပါတယ်။

အဲဒီဝမ်းသာမျက်ရည်လေးတောင်မခြောက်ခင်မှာပေါ့ သားပြောလာတဲ့စကားက“မေမေ သား၁၀တန်းကိုလည်းထူးချွန်အောင်ကြိုးစားခဲ့ပြီးပြီ။ဆေးပညာသင်ယူပြီးဆရာဝန်တစ်ယောက်လည်းလုပ်လို့ရပြီ။ဒါပေမဲ့မေမေ သားရှေ့ဆက်ပြီးခုလိုလောကီပညာရပ်တွေထက် လောကုတ္တရာပညာရပ်တွေကိုပဲ သင်ယူချင်လေ့လာချင်တယ်မေမေ။သား သာသနာ့ဘောင်ကိုအပြီးဝင်ပြီး တရားဓမ္မစာပေတွေကိုပဲလေ့လာတော့မယ်။ သားကိုခွင့်ပြုပါနော်´´ ရုတ်တရက် မေမေ့ရင်တွေပူလောင်သွားခဲ့တယ်သား။ တဒင်္ဂခနမှာ မေမေဆောက်တည်ရာမရ ဝမ်းနည်းပူဆွေးခဲ့ရတယ်။

@Facebook

၉တန်း၊၁၀တန်းမှာ မလှိုင်မိသားစုကျောင်းကို ပညာသွားသင်နေတာမို့ နှစ်နှစ်ခွဲနေခဲ့ရပြီး ခုလိုမိသားစုစုံလင်အတူတူနေ၊အတူစားကြလို့မှမဝသေး၊သားနဲ့သမီးကိုမေမေ့ရင်ခွင်မှာထွေးပွေ့ထားပြီး နေ့စဉ်သားမိတစ်တွေအတူတကွအိပ်ကြလို့မှမဝသေး၊သားလေးကြိုက်တတ်တဲ့ဟင်းတွေကို မမောတမ်းချက်ပြုတ်ကျွေးမွေးလို့မှမဝသေး၊နှစ်နှစ်ခွဲနေခဲ့ရတဲ့သားလေးကို အရိပ်တစ်ကြည့်ကြည့် ကြည့်နေလို့မှမဝသေး သားလေးကမေမေတို့ကိုထားခဲ့ပြီး၊သံယောဇဉ်ဖြတ်ပြီး မေမေ့မေတ္တာရိပ်၊မေမေ့အိမ်ရိပ်ကနေထွက်ခွာပြီး မေမေတို့နဲ့အဝေးကိုသွားတော့မယ်တဲ့လား။သားကမေမေတို့ကိုမချစ်တော့၊မခင်တွယ်တော့ဘူးတဲ့လား။

မေမေ့အရိပ်မှာနေရတာမပျော်တော့ဘူးတဲ့လား။ဆောက်တည်ရာမရ၊ပူလောင်မှုအတွေးတွေများစွာနဲ့ သားလေးမသိအောင်မေမေငိုနေခဲ့မိတယ်။ မေမေငိုနေ၊မျက်ရည်ကျနေမိပေမဲ့ ဟိုအရင်ကတည်းက သားဆန္ဒကိုအမြဲဖြည့်ဆည်းပေးခဲ့တဲ့မေမေဟာ အခုလည်းသားဆန္ဒကိုတားဖို့စိတ်မကူးမိပါဘူးကွယ်။ တားလည်းမတားစကောင်းတဲ့အရာပါ။ မေမေ့ရင်ကပေါက်ဖွားလာတဲ့မေမေ့သားလေးကို ခုချိန်ထိကလေးလေးတစ်ယောက်လို ထင်မှတ်နေသေးတဲ့မေမေဟာ တဒင်္ဂခန တရားလက်လွတ်ပူဆွေးမိသွားတာပါ။

တစ်ကယ်တော့လေ…..သားလေးရဲ့မှန်ကန်မြင့်မြတ်တဲ့ဆုံးဖြတ်ချက်ကို မေမေတို့ကဝမ်းသာစွာ သာဓုခေါ်ခွင့်ပြုပေးရမှာဆိုတာ မေမေသိပါတယ်သား။ *သစ်ရိပ်၊ဝါးရိပ်ထက် ဆွေးမျိုးအရိပ်ကပိုအေးတယ်။ *ဆွေမျိုးရိပ်ထက် မိဘအရိပ်ကပိုအေးတယ်။ *မိဘရိပ်ထက် ဆရာအရိပ်ကပိုအေးတယ်။ *ဆရာရိပ်ထက် မင်းမြတ်အရိပ်ကပိုအေးတယ်။ *မင်းမြတ်ရိပ်ထက် တရားအရိပ်ကပိုအေးတယ် မဟုတ်လားသား။

@Facebook

လောကကြီးမှာ တရားအရိပ်သာအကောင်းမွန်ဆုံး၊အအေးမြဆုံးဆိုတာကို မေမေသိပါတယ်သား။ မေမေတို့ရဲ့ကျေနပ်ဝမ်းသာစွာခွင့်ပြုပေးမှုကြောင့် သားလေးတစ်ယာက် ပရိယတ္တိ၊ပဋိပတ္တိစာပေတို့ကို လေ့လာသင်ယူနေတာ ခုဆိုငါးလတောင်ကြာခဲ့ပြီနော်။ လောကုတ္တရာစာပေလေ့လာရာမှာလည်း သားလေးအမြဲထူးချွန်အောင်မြင်တယ်ဆိုတာ မေမေတို့သိရကြားရလို့ အရမ်းဝမ်းသာကြည်နူးရပါတယ်။ဆက်လက်ပြီးလည်း သာသနာ့အကျိုးကိုဆထက်တပိုးထမ်းရွက်နိုင်တဲ့ သာသနာ့အာဇာနည်တစ်ပါးဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့ရင်း သာသနာ့ဘောင်ကမေမေ့သားဦးဇင်းလေးရဲ့ပရိယတ္တိ၊ပဋိပတ္တိစာပေကြိုးစားလေ့လာသင်ယူနေမှုတို့ကို မေမေသာဓုအကြိမ်ကြိမ်ခေါ်ဆိုနေပါ့မယ်နော်။

ဒါပေမဲ့သားရေ…..မေမေကိုးလလွယ်ဆယ်လမှာဖွားခဲ့တဲ့သားလေးကို တစ်ခါတစ်ခါမှာ သတိရနေမိ၊လွမ်းနေမိပါတယ်ကွယ်။
မေမေ့ရဲ့မသိစိတ်က တစ်ခါတစ်ခါမှာ သား၉၊၁၀ကျောင်းတက်စဉ်ကနေခဲ့တဲ့ မိသားစုကျောင်းရဲ့page၊မိသားစုကျောင်းသား/သူဟောင်းများနဲ့မိဘများရှိရာpageတွေမှာ သားလေးကိုအလွမ်းပြေ ကျောင်းသတင်းတွေကိုဝင်ဝင်ကြည့်မိ၊ဟိုးအရင်ကသားလေးကျောင်းသားဘဝက ပုံရိပ်ဟောင်းလေးတွေကိုရှာဖွေကြည့်နေမိတယ်သား။

သားရေ…..မေမေ့သိစိတ်ကနေတော့ လူတစ်ရာမှာတစ်ယောက်တောင်မလိုက်နိုင်တဲ့ လူ့လောကကြီးထဲကများပြားလှတဲ့ လောကီစီးစိမ်ကာမဂုဏ်တွေကို မက်မောစွဲလမ်းမှုမရှိ ပယ်ဖြတ်နိုင်တဲ့သားလေးရဲ့မြင့်မြတ်တဲ့လုပ်ရပ်ကို အမြဲကြည်ညိုသာဓုခေါ်နေမှာပါနော်။ မိဘထက်ပိုတော်တဲ့ အတိဇာတသားအဖြစ် မေမေတို့အမြဲဂုဏ်ယူ၊ပီတိဖြစ်နေမှာပါသား။ ဒါပေမဲ့ပေါ့…..တစ်ခါတစ်ခါမှာတော့ မေမေ့မသိစိတ်ကနေ လွမ်းနေမိပါသေးတယ်သား။ တက္ကသိုလ်ကျောင်းတွေ ဖွင့်တော့မယ်သားရေ……………….။

@Facebook

(၂၀၁၉တက္ကသိုလ်ဝင်တန်းကို ၆ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ပြီး သာသနာ့ဘောင်သို့အပြီးဝင်သွားသော သားလေးအောင်ကောင်းဆက်(ကိုရင်ရှင်ကိတ္တိဇဝ)အား ဤစာစုလေးဖြင့်ရှိခိုးဦးတင်ဂုဏ်ပြုလိုက်ပါသည်)

5.11.2019 လဝန်းသော်တာ))))))

ကဲ ပရိသတ်ကြီးရေ သာ့သနာဘောင်ထဲက သားကို လွမ်းပေမယ့် ကုသိုလ်အရေးမို့ မိခင်တစ်ယောက်ရဲ့ အချစ်ဟာ သူကို ဘယ်လောက်အထိ ကြီးမားတယ်ဆိုတာ အားလုံး မြင်တွေ့ရလောက်ပါပြီနော်။