ဒီသဘောတူညီချက်တွေအတိုင်း သစ္စာဖောက်ပါ

မင်းရွေးချယ်လိုက်တဲ့လမ်းမှာ ခလုတ်မထိဆူးမငြိပါဘဲ သာယာဖြောင့်ဖြူးပါစေချစ်သူ။

အလွမ်းဓာတ်ခံရှိနေတဲ့အချိန် ‘ချစ်တိုင်းလည်းမညားတာ ငါလက်ခံပြီးသား’ အဲ့သီချင်းလေးကြားလိုက်ရတော့ ကိုယ်ပါရောယောင်ပြီးဆွေးနေရော။ ကိုယ်ဟာ ချစ်သူရည်းစားရှိတဲ့ မိန်းမသားတစ်ယောက်။ ဆိုရှယ်မီဒီယာမှာ လူမှုရေးဖောက်ပြန်နေတဲ့ ပိုစ့်တွေတက်လာတိုင်း ကိုယ့်ချစ်သူရည်းစားအပေါ် အစိုးရိမ်လွန်ပြီး စိတ်ပူနေတတ်သူတစ်ယောက်ထဲ ကိုယ်လည်းအပါအဝင်ပေါ့။

ဖောက်ပြန်ကြတဲ့ လူတွေအကုန်လုံးကလည်း အစတုန်းကသည်းသည်းလှုပ်ချစ်လွန်းလို့ နည်းမျိုးစုံနဲ့ပိုးပန်းကြပြီး အခုကျတော့ ဘာမကြိုက်လို့ပါ ညာမကြိုက်လို့ပါနဲ့ လှလှပပ အကွက်တွေရွှေ့တဲ့ တစ်ချိန်တုန်းကချစ်သူတွေ။ ဘယ်သူမှ အကောင်းဆုံးဆိုတာမျိုးမရှိပေမဲ့ ကိုယ်သိပ်ချစ်ရတဲ့လူဆီက သစ္စာတရားကိုတော့ မျှော်လင့်တတ်ကြတဲ့ လူသားတွေကြီးပါပဲ။

ဒါပေမဲ့ ဘယ်အရာမှမတည်မြဲဘူးလေ။ နှလုံးသားနဲ့ သွေးသားခံစားချက်နဲ့ အသက်ရှင်နေတဲ့ လူတွေဆိုပိုဆိုးပေါ့။ ပစ္စည်းတစ်ခုတောင် ခပ်ကြာကြာသုံးရင် ရိုးသွားတတ်သေးတဲ့သဘောရှိတာမို့ ဖောက်သွားသည့်တိုင် စိတ်ထိခိုက်ဒဏ်ရာတွေ အနည်းဆုံးဖြစ်အောင် ကိုယ်တို့နှစ်ယောက်ကြား ဒီလိုသဘောတူညီချက်လေးတွေ လုပ်ထားကြရအောင်နော်။

နံပါတ် (၁) ကိုယ့်ကိုမညာပါနဲ့နော်။

မင်းအသစ်တွေ့နေပြီလား? သာယာတဲ့စိတ်ခံစားမှုနောက်ကို လိုက်ချင်နေပြီလား? ကိုယ့်ကိုရိုးသွားပြီလား? ဘယ်အကြောင်းအရာနဲ့ မင်းကိုယ့်ရင်ခွင်ထဲက ခွဲခွာချင်နေပါစေ။ ကိုယ့်ကိုအမှန်အတိုင်းပြောပါ။ မင်းကို ကိုယ်သိပ်ချစ်တဲ့အတွက် အရမ်းနာကျင်ရလိမ့်မယ်။ ဒါပေမဲ့ မင်းကိုကိုယ်မဟုတ်တဲ့ တခြားမိန်းမတစ်ယောက်နဲ့ သတင်းသဲ့သဲ့ဖြစ်ဖြစ်ကြားခဲ့ပါစေ။ ကိုယ့်နာကျင်မှုက အပေါ်ကထက် အဆပေါင်း သိန်းသန်းမကများနေလိမ့်မယ်။ ဒါကြောင့် ဘာအကြောင်းနဲ့ခွဲခွာချင်နေပါစေ ကိုယ်ကိုအမှန်အတိုင်းပြောပါ။

နံပါတ် (၂) မင်းပြတ်သားပါ။

နောက်မှာ ဒုတိယလူပေါ်လာပြီဆိုကတည်းက သူဟာကိုယ့်ထက်ချစ်ရမယ့်လူပါ။ ဒါကြောင့် မင်းကိုယ့်ကိုသက်ညှာသောအားဖြင့် ကိုယ့်ကိုပြတ်ပြတ်သားသား အကြောင်းပြချက်ခိုင်ခိုင်လုံလုံနဲ့ စွန့်ပစ်ပေးပါ။ မင်းကိုယ့်အပေါ်သစ္စာမဲ့ခဲ့ပြီးပြီ။ သနားသဖြင့် လူမှုရေးဖောက်ပြန်တတ်တဲ့ လူရဲ့ ချစ်သူဆိုတဲ့ဘွဲ့နာမည်ပါ ထပ်မပေးပါနဲ့။ သိက္ခာရှိရှိစွန့်ခွာပါရစေ။

နံပါတ် (၃) ကိုယ့်ဆီပြန်မလာပါနဲ့တော့။

မင်းမသွားခင်ကတည်းက ‘ငါဒီရင်ခွင်ကို စွန့်ခွာပြီးရင်ပြန်လာလို့မရတော့ဘူး’ ဆိုတဲ့ စိတ်ကိုထည့်သွားပါ။ ချစ်တဲ့လူကိုဆုံးရှုံးလိုက်ရတဲ့ဒဏ်၊ ချစ်ရတဲ့လူက တစ်ခြားသူရင်ခွင်မှာပျော်နေတာကို ထိုင်ကြည့်နေတဲ့အချိန် ဘယ်ဘက်ရင်အုံတစ်ခြမ်းက တစ်ဆစ်ဆစ်နာကျင်တဲ့ဒဏ် ဒါတွေအားလုံးကို ရင်ဆိုင်အံတုပြီး နေ့ရက်တိုင်းကို ဖြတ်ကျော်ပြီးခဲ့လို့ နေသားတကျပြန်ဖြစ်သွားတဲ့အချိန် မင်းချစ်တဲ့လူနဲ့ အဆင်မပြေလို့လမ်းခွဲလိုက်တဲ့အခါ ကိုယ့်ဆီပြန်မလာပါနဲ့တော့နော်။ မင်းပြန်လာရင် ဒီအမှတ်သည်းခြေမဲ့တဲ့ မိန်းမက ပြန်လက်ခံမိမှာစိုးလို့ပါ။ မလွှဲသာလွန်းလို့ မင်းကိုစွန့်ခွာသွားတဲ့ရင်ခွင်ဟာ မင်းပြန်နားခိုချင်တိုင်း ပြန်လာလို့ရမဲ့ဇရပ် မဟုတ်ဘူးကွာ။ မင်းကိုယ့်ကိုတကယ်ချစ်တယ် ဆိုရင်တောင် အဝေးဆုံးမှာနေပြီးပဲ ချစ်ပါတော့။ ကိုယ်လည်းဘဝအသစ်တစ်ခု တည်ဆောက်ပါရစေ။ မင်းမဟုတ်တဲ့ လူအသစ်တစ်ယောက်နဲ့ပေါ့။

ကိုယ်တို့နှစ်ယောက်က အခုသိပ်ကိုအဆင်ပြေပြီး အရမ်းပျော်စရာကောင်းတဲ့ အချစ်ရေးတစ်ခုကိုပိုင်ဆိုင်ထားပေမဲ့ မသေချာတဲ့အနာဂတ်မှာ မင်းထားခဲ့မယ်ဆိုရင် ကိုယ်မှာလိုက်ချင်တဲ့စကားတွေကို အခုသွေးအေးတုန်း ဒီစာလေးထဲထည့်ရေးထားတယ်။ မင်းရွေးချယ်လိုက်တဲ့လမ်းမှာ ခလုတ်မထိဆူးမငြိပါဘဲ သာယာဖြောင့်ဖြူးပါစေချစ်သူ။

Hnin (The Lifestyle Myanmar)