Sponsored

COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဟာ ကမ္ဘာတဝှမ်းကို အလျှင်အမြန် ကူးစက်လာနေပြီး အခုဆိုရင် ကမ္ဘာတဝှမ်းမှာ ရောဂါကူးစက်နေသူ ၃သိန်းကျော်သွားပြီး သေဆုံးသူအရေအတွက်ဟာ ၁ သောင်း ၃ ထောင်ကျော် ရှိလာနေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကနေ Lisa Schlein သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

Getty Images

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေဟာ အရင်ထက်ကို ပိုပြီးတော့ အလျှင်အမြန် ကူးစက်လာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေး တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ကမ္ဘာတဝှမ်းမှာ ရောဂါကူးစက်သူ ပထမ ၁ သိန်းပြည့်ဖို့အတွက် ၃ လလောက် ကြာခဲ့ပေမယ့် နောက်ထပ် ၂ သိန်း ထပ်ကူးစက်ဖို့အတွက် သီတင်း ၂ ပတ်လောက်ပဲ ကြာမြင့်ခဲ့တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

Sponsored

ဒီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဆိုးကြီးကို လုံးဝရပ်တန့်သွားအောင် မထိန်းချုပ်နိုင်ခင်မှာ ဒီရောဂါပိုးက အတော်လေးကို ဆက်ပြီး ကူးစက်နေဦးမှာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က စိတ်မကောင်းစွာ ပြောကြားလိုက်ပါတယ်။

Getty Images

တချိန်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာတော့ ကြာသပတေးနေ့က ရောဂါနောက်ထပ်ကူးစက်သူ တယောက်မှ မရှိခဲ့ပါဘူး။

ဒါဟာ ဒီရောဂါ စတင်ဖြစ်ချိန်ကစပြီး ပထမဆုံးအကြိမ်အဖြစ် ဝူဟန်မြို့မှာ နောက်ထပ်ရောဂါကူးစက်သူ တယောက်မှမရှိတာ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အလွန်ကို ဆိုးရွားတဲ့ အခြေအနေတွေကိုတောင် ပြန်ပြီး ပြောင်းပစ်နိုင်တယ်လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။

ကျနော်တို့အနေနဲ့ သတိထားရမှာ ဖြစ်ပါတယ်။ အခြေအနေကို ပြန်ပြောင်းပစ်နိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးကို တွန်းလှန်ထိန်းချုပ်နိုင်ခဲ့တဲ့ မြို့တွေ၊ နိုင်ငံတွေရဲ့ အတွေ့အကြုံတွေက ကျန်တဲ့တကမ္ဘာလုံးကို မျှော်လင့်ချက်တွေနဲ့ သတ္တိခွန်အားတွေ ဖြစ်စေပါတယ်။ နေ့စဉ်နေ့တိုင်း ဒီဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီးတော့ ဒီရောဂါ ဘာကြောင့်ဖြစ်စေတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပိုပြီး သိလာနေပါတယ်။

ဒီရောဂါပိုးနဲ့ပတ်သက်ပြီး လေ့လာသိရှိခဲ့တဲ့အထဲက တခုကတော့ ဒီရောဂါပိုးဟာ လူငယ်တွေကိုလည်း ကူးစက်နိုင်တာဖြစ်တယ်လို့ သူကပြောပါတယ်။ နိုင်ငံအတော်များများက ရရှိတဲ့ အချက်အလက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုက အသက်အရွယ်ကြီးရင့်တဲ့ လူကြီးပိုင်းတွေမှာ အဖြစ်များတယ် ဆိုပေမယ့် အသက် ၅၀ အောက်တွေမှာလည်း အတော်လေးကို အဖြစ်များပြီး ဆေးရုံတက် ကုသရတဲ့အထိပါ လိုအပ်တယ်ဆိုတာကို တွေ့ရှိရတယ်လို့ WHO အကြီးအကဲက ပြောပါတယ်။

“ဒီနေ့လူငယ်တွေကို ကျနော်ပြောချင်တာတခု ရှိပါတယ်။ အဲဒါကတော့ ခင်ဗျားတို့တွေလည်း ရောဂါကူးစက်နိုင်ပါတယ်။ ဒီ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခင်ဗျားတို့ ဆေးရုံကို သီတင်းပတ်တွေနဲ့ချီ တက်ရနိုင်သလို ဒီဗိုင်းရပ်စ်ကြောင့်လည်း သေသွားနိုင်ပါတယ်။ ခင်ဗျားတို့အနေနဲ့ နေမကောင်းမဖြစ်ရင်တောင် ခင်ဗျားတို့သွားတဲ့နေရာတွေက တခြားတယောက်ယောက်အတွက် ရောဂါကူးစက်တာတွေဖြစ်ပြီး အသက်ဆုံးရှုံးနိုင်တဲ့အထိပါ ဖြစ်လာနိုင်ပါတယ်။”

COVID-19 ကပ်ရောဂါကြီးကို တိုက်ဖျက်နှိမ်နင်းနိုင်ဖို့က အားလုံး တစုတစည်းတည်း စည်းလုံညီညွတ်မှုရှိဖို့က အဓိကအချက်ဖြစ်တယ်လို့ မစ္စတာ Tedros က ပြောပါတယ်။ လူကြီးတွေနဲ့ လူငယ်တွေကြား စည်းလုံးညီညွတ်ဖို့လိုသလို နိုင်ငံတွေကြားမှာလည်း စည်းလုံးညီညွတ်မှု ရှိဖို့လိုအပ်ကြောင်း၊ အဲဒီလိုဆိုရင် အခုလို အန္တရာယ်ကြီးမားတဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်တာတွေကို နောက်ဆုံးမှာ ရပ်တန့်နှိမ်နင်းသွားနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် အဲဒီလိုလုပ်နိုင်ဖို့အတွက်ဆိုရင် ကြိုးပမ်းအားထုတ်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အကြီးအကျယ်လုပ်ဖို့ လိုအပ်သလို နိုင်ငံရေးအရ ဆန္ဒရှိဖို့နဲ့ သန္နိဋ္ဌာန်ခိုင်မာဖို့ လိုအပ်တယ်လို့လည်း WHO ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

Source: VOA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *