Sponsored

စင်ကာပူနိုင်ငံမှာ အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်နေတဲ့ အသက် ၂၅ နှစ်အရွယ် မြန်မာအမျိုးသမီး ၁ ဦး ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာအဖြစ် ကုသနေရတယ်လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

သူဟာ တရုတ်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတွေကို လတ်တလော ခရီးသွားထားခြင်း မရှိထားပေမယ့် အင်ဒိုနီးရှားနိုင်ငံ Batam ကို စင်ကာပူအိမ်ရှိင်ဖြစ်သူနဲ့အတူ ဖေဖော်ဝါရီ ၂၁ ကနေ ၂၃ ရက်နေ့အထိ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံတွင် မြန်မာအမျိုးသမီးတဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

စင်္ကာပူအိမ်ရှင်နဲ့ မြန်မာအိမ်အကူတို့ဟာ တခြား စင်ကာပူနိုင်ငံသား ကိုရိုနာအတည်ပြုလူနာတဦးနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့အတွက် အိမ်တွင်းသီးခြားခွဲနေဖို့ သတိပေးခဲ့ပြီး ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ ရောဂါလက္ခဏာတချို့ စတင်တွေ့ရှိလာလို့ NCID အမျိုးသား ကူးစက်ရောဂါထိန်းချုပ်ရေးဌာနမှာ ချက်ချင်းခေါ်ယူစစ်ဆေးခဲ့ပြီး မတ် ၁ ရက်နေ့မနက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုလိုက်ပါတယ်။

Sponsored

မြန်မာအမျိုးသမီးဟာ စင်ကာပူ ဘူကစ် ဘာတော့ လမ်းအမှတ် ၃၁ မှာ နေထိုင်တယ်လို့ သိရှိရပါတယ်။

မြန်မာနိုင်ငံမှာတော့ မတ် ၁ ရက် ညနေ ၆ နာရီအထိ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာသစ် ထပ်မံမတွေ့ရှိသေးဘဲ စောင့်ကြည့်လူနာ၊ သံသယလူနာ စုစုပေါင်း (၄၅) ဦးရှိခဲ့ပြီး သူတို့အားလုံးမှာလည်း ရောဂါပိုးမတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက် ၈ နာရီအထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၈၅၉၁ ဦး၊ သေဆုံးသူ ၃၀၅၁ ဦးနဲ့ ရောဂါသက်သာ ပျောက်ကင်းသူ ၄၅၁၂၀ ဦးရှိတယ်လို့ worldometers ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စင်ကာပူနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀၆ ဦး၊ ရောဂါသက်သာပျောက်ကင်းသူ ၇၄ ဦးနဲ့ သေဆုံးသူတော့ မရှိသေးဘူးလို့ သိရပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *