Sponsored

ထိုင်းရုပ်သံ ချန်နယ် ၃ ရဲ့ ပင်တိုင် သရုပ်ဆောင်/တေးသံရှင် မက်ထယူးဒင်နဲ့ ဇနီးဖြစ်သူ သရုပ်ဆောင်/တေးသံရှင် လေဒီယာ ဆာရန်ရတ် တို့ ဇနီးမောင်နှံ နှစ်ဦးလုံးဟာ ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါ ကူးစက်ခံနေရပါတယ်။

သရုပ်ဆောင် မက်ထယူးဒင် ( အသက် ၄၁ နှစ် ) ဟာ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က ကိုယ်ပူပြီး အဖျားတက်လာတဲ့အတွက် ပုဂ္ဂလိကဆေးရုံတစ်ခုမှာ သွားရောက်စစ်ဆေးမှုခံ ယူထားရာမှာ မတ်လ ၁၃ ရက် နေ့မှာတော့ သူဟာ ကိုရိုနာပိုးရှိကြောင်း အဖြေထွက်လာပါတယ်။

@tahirap

အဲဒီအကြောင်းကို မက်ထယူးဒင်က သူ့ကိုယ်ပိုင်အင်စတာဂရမ်ကနေ လူထုကိုချပြပြီး သူဟာ ဒီမတိုင်ခင်က ဘန်ကောက်လုမ္ပဏီဥယာဉ်ရှိ လက်ဝှေ့ထိုးကွင်း၊ ဂေါက်ကွင်းမှာ ဂေါက်သီးရိုက်ခြင်းနဲ့ အားကစားကွင်းမှာ ကိုယ်လက်လှုပ်ရှားသလို ချန်နယ် ၃ အတွက် ရှုတင်ရိုက်ကူးတာတွေ လုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

Sponsored

မက်ထယူးဒင်မှာ ကိုရိုနာပိုးရှိကြောင်း အဖြေထွက်တာနဲ့ သူနဲ့အတူနေထိုင်ခဲ့သူ မိသားစုဝင်တွေ၊ အထူးသဖြင့် ဇနီးနဲ့ သားသမီးတွေပါ ရောဂါပိုးရှိ၊ မရှိ ဆေးရုံမှာ သွားစစ်ခဲ့ကြပါတယ်။

၄ နှစ်ရွယ် သားကြီး ဒီလဲန်မှာ ဆေးစစ်ချက်အောင်မြင်ပြီး ၇ လရွယ် သမီးငယ်ကတော့ ဘာမှမဖြစ်ဘဲ ဆေးရုံသွားရင် မလိုလားအပ်တဲ့ အခြားရောဂါပိုးတွေ ကူးစက်လာမှာစိုးလို့ ရောဂါလက္ခဏာပေါ်မှ ခေါ်လာဖို့ ဆရာဝန်က ပြောထားပါတယ်။

@tahirap

ဒါပေမဲ့ ဇနီးဖြစ်သူ လေဒီယာ ဆာရန်ရတ် (၃၂ နှစ်) ကတော့ လည်ချောင်းယား ချောင်းခြောက်ဆိုးပြီး အပူချိန် ၃၈ ဒီဂရီစင်ဒီဂရိတ်မြင့်လာကာ မတ်လ ၁၆ ရက်နေ့ထွက်တဲ့ ဆေးစစ်ချက်မှာ ပိုးကူးစက်ခံရပြီ ဖြစ်ကြောင်း အဖြေထွက်လာခဲ့ပါတယ်။ ဒါကြောင့် ဇနီးမောင်နှံ နှစ်ယောက်လုံး ဆေးရုံတက်နေရပြီး ကလေးတွေကို အဘိုး အဘွားထံ အပ်နှံထားခဲ့ရပါတယ်။

မှတ်မှတ်ရရ မတ်လ ၁၆ ရက်နေ့ဟာ သူတို့ဇနီးမောင်နှံ လက်ထပ်ထိမ်းမြားခဲ့တဲ့ ၅ နှစ်သက်တမ်းပြည့်တဲ့နေ့ဖြစ်လို့ ရောဂါပိုးသာ မကူးစက်ခဲ့ရင် အလွန်ပျော်စရာကောင်းတဲ့ နေ့တနေ့ဖြစ်မှာ ဖြစ်ကြောင်း၊ အခုတော့ လင်မယားနှစ်ယောက် ဆေးရုံမှာ တနေရာစီခွဲနေရပြီး ကလေးတွေနဲ့လည်း ခွဲနေရလို့ ကမ္ဘာခြားသလို ဖြစ်နေရတယ်လို့ သူတို့ကိုယ်ပိုင် လူမှုကွန်ရက်မှာ ရင်ဖွင့်ထားပါတယ်။

ဆေးရုံတက်ရမယ့်နေ့က ကလေးတွေကို နှုတ်ဆက်ရာမှာ ငိုလိုက်ချင်ပေမယ့် မျက်ရည် ကတဆင့် ရောဂါပိုးတွေ ကလေးကို ကူးစက်မှာစိုးလို့ မျက်ရည်မကျအောင် ထိန်းထားခဲ့ရကြောင်း၊ ဖေဖေ မေမေတို့အနေနဲ့ သားသမီးတွေနဲ့အတူ မနေနိုင်တာလို့ ခွင့်လွှတ်ဖို့၊ အဘိုး အဘွားတွေနဲ့အတူ ပျော်ရွှင်စွာနေဖို့ တနေ့နေ့မှာ သားသမီးတွေနဲ့အတူ ပြန်လာနေနိုင်ဖို့ စိတ်ဓာတ်ခိုင်ခိုင်ထားပြီး ကျန်းမာလာအောင် နေထိုင်နေတယ်လို့ လေဒီယာ ဆာရန်ရတ်က သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ ရေးထားပါတယ်။

@tahirap

ဒါ့အပြင် မက်ထယူးဒင်တို့ ဇနီးမောင်နှံက ဘဝတူရောဂါပိုးကူးစက်ခံထားရတဲ့ အခြားသူတွေကိုရော သက်ဆိုင်ရာ မိသားစုဝင်တွေပါ စိတ်ဓာတ်မကျဖို့၊ သတိတရားထားရှိပြီး ဖြစ်လာတဲ့အကြောင်းတရားကို လက်သင့်ခံကာ ကြံ့ကြံ့ခံ ရင်ဆိုင်သွားကြဖို့ တိုက်တွန်းထားပါတယ်။

ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ မတ်လ ၁၈ ရက် ထုတ်ပြန်ချက်အရ ဒီကနေ့ နောက်ထပ် ကိုရိုနာရောဂါပိုး ကူးစက်သူ ၃၅ ဦး ထပ်မံတွေ့ရှိပြီး သူတို့တွေဟာ ဘန်ကောက် လက်ဝှေ့ထိုးကွင်း၊ ထောင်းလော်ဖျော်ဖြေရေးဆိုင်နဲ့ ပိုးရှိသူတွေနဲ့အတူ နေထိုင်ခဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းမှာ COVID-19 ကူးစက်ခံရလူနာ စုစုပေါင်း ၂၁၂ ဦးရှိသွားပြီဖြစ်ပြီး ၁ ဦး သေဆုံး ၄၂ ဦး သက်သာပျောက်ကင်းကာ ဆေးရုံဆင်းသွားပြီဖြစ်ကြောင်း၊ လောလောဆယ် ဆေးရုံမှာရော အပြင်မှာပါ သံသယရှိ စောင့်ကြည့်ခံရသူ စုစုပေါင်း ၇၅၄၆ ဦးရှိကြောင်း သနေရှင်းထိုင်း သတင်းမှာ ဖော်ပြပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *